ကျောက်တန်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်ခြင်းနှင့် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကျင်းပ

ကျောက်တန်း ဇန်နဝါရီ ၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ကျောက်တန်းမြို့ အထကမြိုင်သာယာကျောင်းခန်းမပြုလုပ်ခဲ့သည်။

ရှေးဦးစွာ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကို နံနက်(၄နာရီ ၂၀ မိနစ်)က ကျင်းပသည်။ ယင်းနောက် နံနက်(၇)နာရီတွင် သဝဏ်လွှာဖတ်ပွဲအခမ်းအနားကိုဆက်လက်ကျင်းပရာ နိုင်ငံတော်အလံအလေးပြုခြင်း၊ ကျဆုံးလေပြီးသောခေါင်းဆောင်ကြီးများနှင့် ရဲဘော်များအား အလေးပြုခြင်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှဦးဆောင်ပေးသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရီသုဓမ္မမင်းအောင်လှိုင်ထံမှပေးပို့သော ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဘုန်းခန့်အောင်က ဖတ်ကြားခဲ့သည်။

အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ နိုင်ငံတော်အလံအလေးပြုခြင်းနှင့် လွတ်လပ်ရေးနေ့သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများက ၂၀၂၃(၇၅)နှစ်မြောက်စိန်ရတုလွပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူးကျင်းပသော မီနီမာရသွန်ပြိုင်ပွဲများ၊ စက်ဘီးပြိုင်ပွဲများ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲများ၊ လွန်ဆွဲပြိုင်ပွဲများ၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများ၊ ကဗျာပြိုင်များ၊ အသက်(၁၆)နှစ်အောက်အခြေခံပညာကျောင်းပေါင်း စုံအမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကြီးမှူးကျင်းပတဲ့မွေးစမှ(၂)နှစ်အထိ ကလေးပြိုင်ပွဲများမှဆုရရှိသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးတေဇာမြင့်မြို့နယ်မှူးရဲမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များ (၃၀၀)ဦး တက်ရောက်ခဲ့ကြသည်။

မြို့နယ်(ပြန်ဆက်)