သာစည် ဇန်နဝါရီ ၅
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာအုပ်စုရှိ အကျဉ်းဦးစီးဌာန ဘုရားငါးဆူကုန်ထုတ်စခန်းမှ အကျဉ်းသား လုပ်အားရှင် ၁၈ ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိခဲ့ရာ ယမန်နေ့ နေ့လယ် ၁ နာရီက ဆုံးမဩဝါဒစကားပြောကြားပြီး လွတ်ပေးခဲ့ကြောင်းသိရသည်။
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်နေ့အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညှာထောက်ထားသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့် လည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ်၊ ၁/၂၀၂၃ ကျင့် ၄၀၁ (၁) အရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိခဲ့သည့် အကျဉ်းသားလုပ်အားရှင် ၁၈ ဦးတို့အား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်ဗိုလ်မှူးတေဇာမြင့်တို့က ဆုံးမဩဝါဒ စကားပြောကြားပြီး တာဝန်ရှိသူများက အကျဉ်းသားလွတ်လက်မှတ်၊ ကိုဗစ်ကာကွယ်ဆေးထိုး ပြီးစီးမှုလက်မှတ်၊ ခရီးစရိတ်၊ စားစရိတ်နှင့် လုပ်အားရှင်ခံစားခွင့်များ ပေးအပ်ခဲ့ရာ အကျဉ်းသား များက ကျေးဇူးတင်ဝမ်းမြောက်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အကျဉ်းသားလွတ်ပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဘုရားငါးဆူကုန်စခန်းမှ ဦးစီးအရာရှိ ဦးဇော်မြင့်ဦးနှင့် ဝန်ထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်