အင်တော စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကြိုတင်ကာကွယ် နိုင်ရန် အတွက် အသိပညာပေး နှိုးဆော်ခြင်းကို ယမန်နေ့ ညနေ ၆ နာရီခန့်ကစတင်၍ မြို့ပေါ်(၆)ရပ်ကွက်၌ လှည့်လည်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု တစ်နေ့ထက်တစ်နေ့ မြင့်မားလာနေခြင်းတို့ကြောင့် အင်တောမြို့နေ ပြည်သူများအနေဖြင့် ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်စေရန်အတွက် မိမိတို့၏ နေအိမ်အတွင်း၌သာ နေကြရန်၊ မဖြစ်မနေ နေအိမ်မှ ပြင်ပသို့ထွက်ပါက နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ပြီးမှသာ ထွက်ကြရန်၊ လူစုလူဝေး ပြုလုပ်ခြင်းများ မပြုလုပ်ကြရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပြန် ထားသည့် ပြည်သူများသို့ ပန်ကြားချက်များ၊ ကိုဗစ်-၁၉ နှင့် ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန်အချက်များကို တိကျစွာလိုက်နာ ဆောင်ရွက်ကြရန် မြို့ပေါ်(၆)ရပ်ကွက် များအတွင်းသို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးတို့က Hand speaker ဖြင့် လှည့်လည် အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရှိရသည်။
အောင်ခိုင် (အင်တော)