သီပေါ ဇန်နဝါရီ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)သီပေါမြို့နယ်၊မဟာမြတ်မုနိဘုရားကြီး၊သီတဂူစက္ခုဒါနဆေးရုံတော်ကြီးတွင် ၂၀၂၃ခုနှစ် ၊ ဇန်နဝါရီလ၄ ရက်နေ့ နံနက်(၈)နာရီတွင် ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိသီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရက မျက်စိစမ်းသပ် ခွဲစိတ်ကုသမှုအားအကြိမ်(၅၀)ပြည့်ရွှေရတုအဖြစ် ၂၀၂၃ခုနှစ် ၊ ဇန်နဝါရီလ၄ ရက်နေ့ နံနက်(၈)နာရီတွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ဆရာတော်က ဧည့်ပရိသတ်များအား ဩဝါဒတရားတော်များဟောကြားပြသ၍ လှူဒါန်းမှု အစုစု တို့အတွက်ရေစက်သွန်းချအမျှဝေခဲ့ကြကာ အကြိမ် (၅၀)ပြည့်ရွှေရတုအဖြစ် မျက်စိဝေဒနာရှင်များအား မျက်စိစမ်းသပ်၊ ခွဲစိတ်၊ ကုသခြင်းများကို စတင်ဆောင်ရွက်ခဲ့ကြကြောင်းနှင့် မျက်စိစမ်းသပ်ခွဲ စိတ် ကုသပေးမှု များအား၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့မှ(၈)ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ မျက်စိဝေဒနာရှင်များအနေဖြင့် အခမဲ့လာရောက်စမ်းသပ်ကုသနိုင်ကြောင်း သိရ သည်။
ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ ဦးဆောင်ဦးရွက်မှုနှင့် သီပေါမြို့ မဟာမြတ်မုနိဘုရားကြီး အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တပညာသီရိ၏ ကြီးကြပ်မှုဖြင့် ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင် စသည့်မြို့ကြီးများမှ မျက်စိအထူးကု ဆရာဝန်ကြီးများက အခမဲ့မျက်စိစမ်းသပ်ခွဲစိတ် ကုသပေးခဲ့ရာ (၄၉)ကြိမ်မြောက်ရှိခဲ့ပြီဖြစ်ကြောင်းနှင့် ယခုအကြိမ်သည် အကြိမ် (၅၀) ပြည့်ဖြစ်ကြောင်း မဟာမြတ်မုနိဘုရားကြီး အကျိုးတော်ဆောင် ဆရာတော်ထံမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)