ညောင်ဦး၊ စက်တင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ ကြဲပက်စိုက်ပျိုး ထားသည့် ပဲစင်းငုံစိုက်ခင်းများ မိုးလယ်မိုးရွာသွန်းလာခြင်းကြောင့် ပဲစင်ငုံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလာနေကြောင်း တက်မကျေးရွာ ဦးမောင်ဌေးက ပြောကြားသည်။
ညောင်ဦးမြို့နယ်တွင် ပဲစင်းငုံစိုက်တောင်သူများသည် ပဲစင်ငုံစိုက်ပျိုးခြင်းအား ကဆုန် လ၊ နယုန်လတို့တွင် မိုးဦးမိုးရွာသွန်းချိန် နှမ်းများကြဲပက်စိုက်ပျိုးချိန်နှင့်အတူ ပဲစင်ငုံအားရောကာ ကြဲပက်စိုက်ပျိုးထားခဲ့ကြောင်း သိရသည်။ နှမ်းများနှုတ်သိမ်းချိန်ဖြစ်သည့် ဝါဆိုလပြည့်ကျော်၊ဝါခေါင်လဆန်း နှမ်းနှုတ်သိမ်းပြီးချိန်မိုးရွာသွန်းပါက နှမ်းနှင့်အတူ ကြဲပက်စိုက်ပျိုးခဲ့သည့် ပဲစင်းငုံများ မြေဆွပေးသကဲ့သို့ဖြစ်ကာ ပဲစင်းငုံအပင်များ ကောင်းလာပြီး အပင်တက်အားကောင်းလာကြောင်း ပဲစင်းငုံစိုက်တောင်သူ ဦးသန်းထိုက်ကရှင်းပြသည်။ ပဲစင်းငုံအပင်သက်တမ်းသည် ရှစ်လ၊ ခုနှစ်လကျော် ကြာမြင့်ပြီး အဖူး၊ အပွင့်ပွင့်ချိန်သည် တော်သလင်းလ၊ သီတင်းကျွတ်လတွင်ပွင့်ကြောင်း အပွင့်ပွင့်ချိန်မိုးသည်းရိုက် မိုးရွာသွန်းမှုများပါက အသီးသီးနှုန်းလျော့နည်းသွားနိုင်ကြောင်း အပွင့်ပွင့်ချိန် မိုးမရွာပါက ပဲစင်ငုံရဖို့သေချာကြောင်း သိရသည်။ ပဲစင်းငုံခုတ်သိမ်းချိန်သည် ပြာသိုလ၊ တပိုတွဲလတို့တွင် ခုတ်သိမ်းလေ့ရှိပြီး ခုတ်ထားသည့် ပဲစင်ငုံကိုင်းများ လက်တစ်နိုင်စာကိုင်ပြီး ပဲစင်ငုံ ခါစင်(ပီပါ၊ အမာခုံ)ခံကာ ရိုက်ချပြီး အစေ့သပ်သပ်၊ ပဲရိုင်း၊ပဲမှော်သပ်သပ်ခွဲခြားကာပဲစင်းငုံသိမ်းခြင်းပြီးကြောင်း သိရသည်။
ပဲစင်းငုံပေါ်ချိန် ဈေးကောင်းရရန် တောင်သူများမျှော်လင့်နေကြကာ မနှစ်ကပဲစင်းငုံ ပေါ်ခါစ တစ်တင်းလျှင် ၁၈၀၀၀ ကျပ် ရောင်းချခဲ့ရကြောင်း သိရသည်။
ကိုထိန်၊KPD