မန္တလေး ဇန်နဝါရီ ၅
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အ.ထ.က (၂၇) ကျောင်းတို့ပူးပေါင်း၍ ကျောင်းသား/သူများကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ အမှတ်(၂၇) အခြေခံပညာအထက်တန်း ကျောင်း အားကစားကွင်းတွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယမန့်နေ့ နံနက်ပိုင်း (၈) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တာဝန်ရှိသူများမှ ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားပြီး အပြေးပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ သံပရာသီးဇွန်းကိုက်ပြိုင်ပွဲ၊ ခြေပူးတွဲပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲနှင့် စာအုပ်ရွက်ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခဲ့ပြီး ပြည်ကြီးတံခွန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းနိုင်နှင့် တာဝန်ရှိသူများမှ ပြိုင်ပွဲအသီးသီးတွင် ဆုရရှိကြသော ကျောင်းသား/သူများအား ဆုများချီးပေးခဲ့ ကြောင်းသိရသည်။
အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲတွင် ကျောင်းသား/သူ စုစုပေါင်း(၁၀၀)ဦးကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်နှင့်အဖွဲ့ဝင်များ၊ အမှတ်(၂၇) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဒေါက်တာအောင်သက်ဆွေနှင့် ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား/သူများ၏ မိဘများ လာရောက်အားပေးခဲ့ကြကြောင်းသိရသည်။
ကျော်ကျော်အောင် (ခရိုင် ပြန်/ဆက်)