ပုဇွန်တောင် ဇန်နဝါရီ ၅
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားပွဲကို ယမန်နေ့ နံနက် ၇ နာရီအချိန်က အမှတ်(၁) ရပ်ကွက်၊ မဟာဗန္ဓုလလမ်းရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း တေဇခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားကို အမှတ်(၁)အခြေခံပညာကျောင်းမှ ကျောင်းသူ/ ကျောင်းသားလေးများက ပြည်မြန်မာ သီချင်းဖြင့်ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပေးပို့သော ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်မှ ဖတ်ကြားခဲ့သည်။ ထို့နောက် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကျင်းပခဲ့သော မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိခဲ့သော ကျောင်းသူ/ ကျောင်းသားလေးများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ကာ အခမ်းအနားကို အမှတ်(၂)အခြေခံပညာကျောင်းမှ ကျောင်းသူ/ ကျောင်းသားလေးများက ဇာတိမာန် သီချင်းသီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ သဝဏ်လွှာဖတ်ကြားပွဲအခမ်းအနားတွင် ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၃) ဦးလှဝင်းမောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပြည်သူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
ဟန်စုယဉ် (ပြန်/ ဆက်)