(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲအခမ်းအနား ကျင်းပ

မင်္ဂလာတောင်ညွန့် ဇန်နဝါရီ ၅

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စည်ကားသိုက် မြိုက်စွာကျင်းပခဲ့သည်။

ရှေးဦးစွာ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အလံတင်အခမ်းအနားကို နံနက် ၄ နာရီ မိနစ် ၂၀ အချိန်တွင်စတင်ကျင်းပခဲ့ပြီး အခမ်းအနားသို့ ဗိုတထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂)  ဦးဝင်လှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အင်အား(၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။

ထို့နောက် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကလေး(တောင်ပိုင်း)ရပ်ကွက်ရှိ အထက(၄)စာ သင်ကျောင်းဝန်းအတွင်း၌ နံနက် ၇ နာရီအချိန်တွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ကြရာ အခမ်းအနားသို့ ဗိုတထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးဝင်လှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ(၁၈၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။ အဆိုပါအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူသတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ မြန်မာနိုင်ငံ၏ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေး​နေ့အတွက် ပေးပို့သောသဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းထွန်းက ဖတ်ကြားခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြိုကျင်းပပြုလုပ်ခဲ့ကြသည့် မြို့နယ်အဆင့်ကျပန်းစကားပြောပြိုင်ပွဲ၊ ခရိုင်အဆင့်စာစီစာကုံး၊ ပန်းချီပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိခဲ့ကြသူများကို ဆုများအသီးသီးပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်ဆက်)