ရှမ်းပြည်နယ်အတွင်းရှိ အကျဉ်းထောင်/စခန်းအသီးသီးမှ အကျဉ်းသား/အကျဉ်းသူ ၄၈၅ ဦးလွတ်မြောက်

တောင်ကြီး ဇန်နဝါရီ ၅

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၏ အမိန့်အမှတ်၊ ၁/၂၀၂၃ ဖြင့် ယနေ့မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက် (ခရစ်နှစ် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်) နေ့တွင် ကျရောက်သည့် (၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်)ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူမှုရေးအရငဲ့ညှာ ထောက်ထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေ့ရှုသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌသည် အကျဉ်းထောင်/ အချုပ်ထောင်/ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေကြရသောနိုင်ငံသား အကျဉ်းသား/ အကျဉ်းသူများကို ရာဇဝတ်ကျင့်ထုံဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ" နောက်တစ်ကြိမ်ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသောပြစ်ဒဏ်များကိုပါ ဆက်လက် ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကို လျော့ပေါ့၍ လွတ်ငြိမ်းခွင့်ပေးခဲ့ခြင်းဖြစ်သည်။

ထို့သို့လွတ်ငြိမ်းခွင့်ပေးရာတွင် ညောင်ရွှေအကျဉ်းထောင်မှ ၁၉၄ ဦး၊ ကျိုင်းတုံအကျဉ်းထောင်မှ ၅၉ ဦး၊ လားရှိုးအကျဉ်းထောင်မှ ၉၅ ဦးအပါအဝင် ရှမ်းပြည်နယ်အတွင်းရှိ အကျဉ်းထောင်/ အချုပ်ထောင်/ စခန်းအသီးသီးမှ အကျဉ်းသား/အကျဉ်းသူ စုစုပေါင်း ၄၈၅ ဦး လွတ်မြောက်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်းရှိ အကျဉ်းထောင်/ အချုပ်ထောင်/ စခန်းအသီးသီးမှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်သွားသူ အကျဉ်းသား/အကျဉ်းသူများအား သက်ဆိုင်ရာမြို့နယ်အလိုက် တာဝန်ရှိသူများမှ ဆုံးမဩဝါဒစကားအသီးသီးပြောကြားပြီး အကျဉ်းထောင်/ အချုပ်ထောင်/ စခန်းများရှိ တာဝန်ရှိသူများက ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးစီးကြောင်းလက်မှတ်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးပညာပေးလက်ကမ်း စာစောင်များ ထုတ်ပေးပြီး စားစရိတ်/ ခရီးစရိတ် တို့အားပေးအပ်၍ စနစ်တကျအကျဉ်းထောင်မှ လွှတ်ပေးခဲ့သည်။

အဆိုပါ လွတ်မြောက်လာသူများအား မိသားစုဝင်များ၊ သူငယ်ချင်းနှင့် မိတ်ဆွေများက ရင်းနှီးပျော်ရွှင်စွာ ကြိုဆိုကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)