ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ် လွှာဖတ်ကြားပွဲ အခမ်းအနားကျင်းပ

လောက်ကိုင် ဇန်နဝါရီ ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အလံအား လွှင့်တင်ခြင်းအခမ်းအနားကို ယနေ့နံနက် ၄:၂၀ နာရီအချိန်က အမှတ်(၃) ရပ်ကွက်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးရုံးဝန်းအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် လောက်ကိုင်မြို့နယ်၊ ကုန်းကြမ်းမြို့နယ်နှင့် ချင်းရွှေဟော်မြို့တို့မှ အလံတင်ဂုဏ်ပြုတပ်ဖွဲ့ဖြင့် နိုင်ငံတော်အလံကိုလွှင့်တင်ခဲ့ပြီး အခမ်းအနားသို့တက်ရောက်လာသည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဒေသ/ခရိုင် အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများမှ နိုင်ငံတော်အလံကို ဂုဏ်ပြု တပ်ဖွဲ့ဝင်များနှင့်အတူ အလေးပြုကြသည်။

ယင်းနောက် နံနက် ၇:၀၀ နာရီအချိန်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သည့် ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ် ရေးနေ့သဝဏ်လွှာကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးခင်မောင်လွင်က ဖတ်ကြားခဲ့ပြီး (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများကိုလည်းကောင်း၊ မြို့နယ်အဆင့် လူရည်ချွန်များကိုလည်းကောင်း၊ ဒေသခံပြည်သူများမှ ပြည်နယ်အဆင့်အားကစား  ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ရာမှ ဆုရရှိသူများကိုလည်းကောင်း တာဝန်ရှိသူများမှ အသီးသီး ဆုများကို ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။ ယင်းနောက် ရပ်ကွက်နှင့် အခြေခံပညာကျောင်းများအလိုက် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယှဉ်ပြိုင်ကျင်းပပေးခဲ့ရာ ဒေသခံပြည်သူများ၊ ကျောင်းသူ/ကျောင်းသားများက ပျော်ရွှင်စွာယှဉ်ပြိုင် ကစားခဲ့ကြသည်ကို ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များက လိုက်လံကြည်ရှု့အားပေးခဲ့ကြပြီး ဆုများကိုချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားပွဲအခမ်းအနားသို့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦးနှင့်  အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ဒေသ/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့် ‌ဆုရကျောင်းသူ/ကျောင်းသားများ၊ ကြက် ခြေနီတပ်ဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေး ရာအဖွဲ့ဝင်များ၊ မြို့မိ/မြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ စုစုပေါင်းအင်အား ၃၀၀ ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

လောက်ကိုင်(ပြန်/ဆက်)