တောင်ကြီးမြို့ရှိ (၂)မိုင် အချုပ်ထောင်၌ အကျဉ်သား (၆)ဦးအား ပြစ်ဒဏ်လွှတ်ငြိမ်းသက်သာခွင့်ပေး

တောင်ကြီး ဇန်နဝါရီ ၅

၂၀၂၃ ခုနှစ်(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဇန်နဝါရီ(၄)ရက် နေ့လည်(၁၂)နာရီ (၄၅) မိနစ်က တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၊ တောင်ကြီး-ဟိုပုံးသွား ပြည်ထောင်စုလမ်းရှိ တောင်ကြီး အချုပ်ထောင်(၂မိုင်ထောင်)အတွင်း ဓမ္မပီယဓမ္မာရုံ၌ လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် (၁/၂၀၂၃)၊ ပြစ်ဒဏ်လွှတ်ငြိမ်းခွင့် အမိန့်အရပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား (၆)ဦး အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ  လျော့ပေါ့လွတ်ငြိမ်းချမ်းသာခွင့်ပြုသည့် အခမ်းအနားကျင်းပကြောင်း သိရသည်။

ဆက်လက်၍ ဒုရဲမှူး အောင်မိုးနိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်အမှတ် ၁/၂၀၂၃ အား ဖတ်ကြားပြီးနောက် တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများက လွတ်မြောက်အကျဉ်းသားများအား ဆုံးမသြဝါဒစကားများပြောကြားပြီး တာဝန်ရှိသူများရှေမှောက်၌ အဆိုပါ လွတ်မြောက်အကျဉ်းသား(၆)ဦးအား နှာခေါင်းစည်း Mask (၅)ခု၊ ခရီးစားရိတ်၊ စားစရိတ်၊ ကျန်းမာရေးကောင်းမွန်ကြောင်း ဆေးထောက်ခံချက်နှင့် ထောင်လွတ်လက်မှတ်များ ပေးအပ်၍ ကတိဝန်ခံလက်မှတ်များ ရေးထိုးစေခဲ့ပြီး သက်ဆိုင်ရာအပိုင်ရဲစခန်းများသို့ လွှဲအပ်ကာ ပြစ်ဒဏ်လွတ်ငြိမ်း ချမ်းသာခွင့်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့  တောင်ကြီးမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး အောင်မိုးနိုင်၊ တောင်ကြီး အချုပ်ထောင်မှ အချုပ်တာဝန်ခံအရာရှိဦးဇော်ဝင်း၊ တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုင်းကျော်ထွန်း၊ တောင်ကြီးခရိုင် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆန်းချို၊ ရှမ်းပြည်နယ် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ တောင်ကြီးနယ်မြေမှ ဒုတိယစုံစမ်းရေးမှူး ဦးရဲရင့်ဝေယံအောင်၊ သတင်းရဲတပ်ဖွဲ့၊ အမှတ်(၁၄)တပ်ဖွဲ့ခွဲ(ရှမ်း)၊ တောင်ကြီးနယ်မြေမှ ရဲတပ်ကြပ်ကြီး ဝင်းဇော်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

အလားတူ တောင်လေးလုံး စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းမှ အကျဉ်းသား(၆)ဦး၊ ညောင်ရွှေအကျဉ်းထောင်မှကျား(၁၇၁)ဦး၊ မ(၂၄)ဦး စုစုပေါင်း(၁၉၅)ဦး၊ ထီးခန်းစခန်းမှ ကျား(၁၁)ဦး၊ ဘန်းကန်စခန်းမှ ကျား(၁၆)ဦးတို့ကို ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျော့ပေါ့၍ ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)