လားရှိုးအကျဉ်းထောင်မှ လွတ်ငြိမ်းသက်သာခွင့်ရ အကျဉ်းသား(၇၄)ဦး အကျဉ်းသူ(၂၇)ဦး စုစုပေါင်း(၁၀၁)ဦး လွှတ်ပေး

လားရှိုး ဇန်နဝါရီ ၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ်၊ ၁/၂၀၂၃ အရ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့၊ လားရှိုးအကျဉ်းထောင်မှ လွတ်ငြိမ်းသက်သာခွင့်ရသည့် အကျဉ်းသားများအား လွှတ်ပေးသည့်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က လားရှိုးအကျဉ်းထောင်ရှိ ဓမ္မာရုံတွင် ပြုလုပ်သည်။

အခမ်းအနားတွင်  ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဝေဠုသတိုး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဆန်း၊ အကျဉ်းထောင် တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းကျော်တင့်၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်သူမြင့်၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမင်းမင်းတင့်တို့ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဝေဠုသတိုးမှလည်းကောင်း၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဆန်းမှလည်းကောင်း ဆုံးမဩဝါဒစကားပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် ၁/၂၀၂၃ အရ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၊ လားရှိုးအကျဉ်းထောင်မှ လွတ်ငြိမ်းသက်သာခွင့်ရသည့် အကျဉ်းသား (၇၄)ဦး၊ အကျဉ်းသူ(၂၇)ဦး စုစုပေါင်း (၁၀၁)ဦးအား လွတ်ပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)