မောက်မယ်မြို့နယ်၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ နိုင်ငံတော်အလံအလေးပြုခြင်းအခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနားကျင်းပ

မောက်မယ် ဇန်နဝါရီ ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံအလေးပြုခြင်းအခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်၇နာရီက မြို့နယ်နမ့်ယွမ်းဂေါက်ကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြန်မာနိုင်ငံရဲဂုဏ်ပြုတပ်ဖွဲ့က ဦးဆောင်၍ နိုင်ငံတော်အလံကို အလေးပြုကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူသတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ် ရေးနေ့ အခမ်းအနားသို့ ပေးပို့လာသောသဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က ဖတ်ကြားခဲ့ပြီး လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကာယ၊ ဉာဏပြိုင်ပွဲများတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပြီး ကျောင်းသား/ကျောင်းသူလေးများတို့က တိုင်းရင်းသား ရိုးရာအကအလှလေးများတို့ဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။

ယင်းနောက် ပျော်ပွဲရွင်ပွဲများဆက်လက်ကျင်းပရာ ဗိုလ်လုပွဲများဖြစ်သည့် အမျိုးသား(ဖူဆယ်) ဘောလုံးပြိုင်ပွဲတွင ပန်းတန်အသင်းက ဆေခွန်ဟိုင်းအသင်းကို ၄ဂိုး၁ဂိုးဖြင့် ဗိုလ်စွဲသွားခဲ့ ကြောင်း၊ ထုတ်စည်းတိုးပြိုင်ပွဲတွင် နမ့်လွတ်အ.လ.ကအသင်းက အ.ထ.ကမောက်မယ် အသင်းကို အနိုင်ရရှိပြီး၊ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အွန်နွံအသင်းက ခ.လ.ရ(၁၃၂)အသင်းကို အနိုင်ရရှိကာ တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်  ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား/ ကျောင်းသူလူငယ်လူရွယ်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့မှ ခင်းကျင်းပြသထားသည့် ဓာတ်ပုံနှင့်နံရံကပ် စာစောင်များကို စိတ်ဝင်တစားကြည့်ရှုခဲ့ကြကြောင်း၊ ဝန်ထမ်းများက(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ သတင်းစကားလက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။ 

စိုင်းမျိုးသန့်(မောက်မယ်)