မိုးနဲ ဇန်နဝါရီ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အမှတ် (၁၅) နမ့်မော်လေ အခြေခံပညာ မူလတန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က အဖွင့်အမှာစကား ပြောကြားပေးခြင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်မိုးဆွေက အမှာစကားပြောကြာပေးခြင်းနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းဆိုင်နွမ်းမှ ကျောင်းတွင်းတိုးတက်မှု အခြေအနေများအား တင်ပြဆွေးနွေးပေးခြင်းများကို အသီးသီးဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် မူကြိုပြီးစီးကြောင်း လက်မှတ်များပေးအပ်ခြင်းနှင့် ၂၀၁၉-၂၀၂၀ ခုနှစ်နှင့် ၂၀၂၁-၂၀၂၂ ခုနှစ် အခြေခံပညာစာသင်နှစ်များတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများအား ဂုဏ်ပြုစုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ချီးမြှင့်ပေးခဲ့ကြပြီးနောက် ကျောင်းသား/သူလေးများက အကပဒေသာများဖြင့် ကြွရောက်လာကြသည့် ဧည့်သည်တော်များကို ကပြဖျော်ဖြေပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်မိုးဆွေ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အုပ်စုတူ ဆရာ၊ ဆရာမများ ကျောင်းသား/သူ မိဘများနှင့် ကျောင်းသား/သူများ စုပေါင်းအင်အား (၁၀၀) ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)