တိုက်ကြီး ဇန်နဝါရီ ၄
၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ (၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကာယအလှမယ် ပြိုင်ပွဲ၊ လှယဉ်ကျေးမယ်ပြိုင်ပွဲနှင့် အမျိုးသားဖူဆယ် (အလွတ်တန်း) ဘောလုံးပြိုင်ပွဲတို့တွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ပိုင်းက ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးရုံးရှေ့ တင်းနစ်အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။
၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကာယအလှမယ် ပြိုင်ပွဲနှင့် လှယဉ်ကျေးမယ် ပြိုင်ပွဲသို့ တိုက်ကြီးမြို့နယ် ကိုယ်စားပြု ဝင်ရောက်ယှဉ် ပြိုင်ခဲ့သော ကာယအလှမယ် မမေသုခအား တိုက်ကြီးခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဒေါ်ခင်ခင်အိက ဂုဏ်ပြုဆုများချီးမြှင့်ခြင်း၊ ဆက်လက်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ( ၃ ) ခရိုင်လဝကဦးစီးမှူး ဒေါ်အေးအေးက လှယဉ်ကျေးမယ် မသဇင်အောင်အားဂုဏ်ပြုဆုများပေးအပ်ခဲ့သည်။ ထို့နောက် အမျိုးသား ဖူဆယ် (အလွတ်တန်း) ဘောလုံးအားကစားပြိုင်ပွဲဆုရရှိသည့် အားကစားသမားများအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ ဦးအောင်ကျော်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးရဲမင်းအောင်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများနှင့် တစ်ဦးချင်း လည်ဆွဲ ဆုတံဆိပ်များကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာ အကြီးအကဲ များနှင့်ဝန်ထမ်းများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မြို့နယ်စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက် / ကျေးရွာအုပ်ချုပ်ရေး မှူးများနှင့် ပြည်သူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
စန်းကလျာခိုင် (ပြန်/ဆက်)