ကျောက်တလုံးကြီးအ.ထ.က၌ (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲ များကျင်းပပြုလုပ်

ကျောက်လုံးကြီး ဇန်နဝါရီ ၄

ရှမ်းပြည်နယ်(တောင်ပိုင်း) ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃ခုနှစ်၊   (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် ယမန်နေ့နံနက် ၉ နာရီက အားကစားပြိုင်ပွဲများကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ အားကစားပြိုင်ပွဲကို ဇန်နဝါရီလ ၂ ရက်နေ့မှ ဇန်နဝါရီလ ၃ ရက်နေ့အထိ ကျင်းပပြု လုပ်ခဲ့ပြီး ပြိုင်ပွဲကျင်းပရာတွင် မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျောင်းသား/ ကျောင်းသူ အားကစားဝါသနာရှင်များက အပြေးပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ အိတ်စွပ်အပြေး ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊အပ်ထိုး၊ ခြင်းလုံးခတ်၊ ထုပ်စည်းထိုး၊ သံပုံးရိုက် နှင့်အခြား အားကစားနည်း ပြိုင်ပွဲများကို အတန်းလိုက်ပျော်ရွှင်စွာ ယှဉ်ပြိုင်ကစားခဲ့ကြပါသည်။

ကျောင်းသား/ကျောင်းသူများအနေနှင့် လွတ်လပ်ရေးနေ့ကိုမမေ့အပ်စေရန်နှင့်ကျောင်းတွင်း စာပေ သင်ကြားရေးသာမက  အားကစားပြိုင်ပွဲများကို အားကစားစိတ်ဓါတ်အပြည့်ဖြင့် စည်းလုံး ညီညွတ်စွာ  ပူးပေါင်းဆောင်ရွက်တတ်သည့်  အကျိုးကျေးဇူးများရရှိစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပ ပြုလုပ်ခြင်းဖြစ်ပါသည်။

အဆိုပါပြိုင်ပွဲအသီးသီး၌ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့်သူများမှ ဆုရရှိခဲ့သူများကို ဇန်နဝါရီ ၁၂ တွင် ကျင်းပပြုလုပ်မည့် ဆုံညီပွဲနှင့် ဆုပေးပွဲအခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကျောက်တလုံးပြန်/ဆက်