မြောက်ဥက္ကလာပ ဇန်နဝါရီ ၄
၂၀၂၃ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အား ဂုဏ်ပြုသောအားဖြင့် အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၄ နာရီ ၂၀ မိနစ်က ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ နံနက် ၄ နာရီ ၂၀တွင် မြောက်ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့မှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို လွှင့်တင်ခဲ့ပြီး တက်ရောက်လာသူများက ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ကျဆုံးလေပြီးသောခေါင်းဆောင်များနှင့် ရဲဘော်အပေါင်းအား အလေးပြုခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ပေးပို့သော သဝဏ်လွှာအား နံနက် ၇ နာရီတွင် မြောက်ဥက္ကလာပမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လောဟာက ဖတ်ကြားခဲ့ကြောင်း သိရသည်၊၊
ဆက်လက်၍ မွေကင်းစမှ (၆)လ၊ (၆)လမှ (၁)နှစ် ကလေးပြိုင်ပွဲတွင်ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ၊ သားကောင်းမိခင်ပြိုင်ပွဲတွင် ပထမဆုရရှိသူများနှင့် ရန်ကုန်တိုင်းဒေသကြီး လှယဉ်ကျေးမယ်နှင့်ကာယအလှမယ်ပြိုင်ပွဲတွင် ပဉ္စမဆု ရရှိသည့် မရွှေရည်ထွန်းထွန်းတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လောဟာနှင့် အဖွဲ့ဝင်များက အသီးသီးဆုများချီးမြှင့်ခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို အခမ်းအနားသို့ တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များအား လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်၊၊
မြမြဝင်း(ပြန်/ဆက်)