ရွှေတိဂုံစေတီတော် (၅၇၈) ကြိမ်မြောက် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအခမ်းအနားကျင်းပ

ရန်ကုန် ဇန်နဝါရီလ ၄

ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ စေတနာသဒ္ဓါတရားထက်သန်စွာ လှူဒါန်းထားကြသော ကျပ်တစ်သိန်းနှင့်အထက် အလှူရှင်များအား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က (၅၇၈) ကြိမ်မြောက် ထုတိအနုမောဒနာ ချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချ အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် ရွှေတိဂုံစေတီတော်ရင်ပြင် တောင်ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ကျင်းပသည်။

ရှေးဦးစွာအခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး အလှူရှင်များက အလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးညွန့်သင်းနှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက လက်ခံရယူပြီး ထုတိအနုမောဒနာ ချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ဆက်လက်၍ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေးအဖွဲ့ဩဝါဒါစရိယ၊ တိပိဋကဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ၊ သ.စ.အပါဠိပါရဂူ၊ ဘဒ္ဒန္တသိရိန္တာဘိဝံသ(ယောဆရာတော်)ထံမှ အခမ်းအနား တက်ရောက်လာသူများက ငါးပါးသီလခံယူဆောက်တည်ကြပြီး ရေစက်ချအနုမောဒနာတရား နာယူကာ အခမ်းအနားကို ရုပ်သိမ်းသည်။

 ယနေ့ပြုလုပ်သော အလှူတော်ငွေ ပေးအပ်လှူဒါန်းပွဲ၌ ရွှေသင်္ကန်းတော်(ရွှေပြား)အလှူရှင် ၂၀ ဦးကရွှေပြားအချပ် ၂၄ ချပ် လှူဒါန်းခဲ့ကြပြီး ငွေသားအလှူရှင်၂၄ ဦး အပါအဝင် လှူဒါန်းငွေစုစုပေါင်း ကျပ် ၁၃၁၆,၆၂၉,၇၉၉ /-(ကျပ်သိန်းပေါင်းတစ်သောင်းသုံးထောင့်တစ်ရာခြောက်ဆယ့်ခြောက်သိန်းနှစ်သောင်းကိုးထောင်ခုနှစ်ရာကိုးဆယ့်ကိုးတိတိ)ဖြစ်ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)