ကျိုင်းတုံ ဇန်နဝါရီ ၄
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု) ခွင့်ပြုရန်ပုံ ငွေကျပ် ၂၈၇ ဒဿမ ၇၄၇ သန်း အကုန်အကျခံကာ ကျိုင်းတုံမြို့နယ်၊ နမ့်နီ/နမ့်လုံ ကျေးရွာအုပ်စုရှိ နမ့်ခမ်း-ဝမ်ကောင်း-နမ့်နီ-နမ့်ကဲ-ရှဲန်ထန်နူး ကျေးရွာချင်းဆက် မြေသားလမ်း တာချဲ့ခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အဆိုပါ ကျေးရွာချင်းဆက်လမ်း (၁၅/၀)မိုင်ပေါ်မှ (၆/၀)မိုင်အား မြေသားလမ်းတာ ချဲ့လုပ်ငန်းများနှင့် လမ်းပေါ်ရှိ ၅ ပေ Box Culvert (၂၄)စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို တင်ဒါအောင်မြင်သည့် မင်းဒင်ကုမ္ပဏီမှ ၂၀၂၂ ခုနှစ် ဇွန်လတွင် လုပ်ငန်းများ စတင်ဆောင် ရွက်ခဲ့ရာ လက်ရှိတွင် လုပ်ငန်းများ ၈၈ ရာခိုင်နှုန်း ပြီးစီးကာ လုပ်ငန်းများဆောင် ရွက်လျက်ရှိကြောင်းသိရသည်။
လုပ်ငန်းများဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ကောင်းမွန်ရေးနှင့် သတ်မှတ်ကာလ အတွင်းလုပ်ငန်းများပြီးစီးနိုင်ရန်အတွက် ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ(ကျိုင်းတုံ)မှ ဒေသကြီးကြပ်ရေးမှူးနှင့်အဖွဲ့က ဇန်နဝါရီ ၃ ရက်က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းဆောင်ရွက်ပြီးစီးပါက ဒေသခံပြည်သူများသည် ကျိုင်းတုံမြို့သို့ အချိန်တိုအတွင်း ကူးလူးသွားလာနိုင်မည်ဖြစ်ပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အခွင့်အလမ်းများ တိုးတက်လာမည်ဖြစ်ကြောင်းသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)