ကျိုက်ထိုမြို့နယ်၌ မြို့ရှောင်လမ်းဖောက်လုပ်ရာတွင် မလွတ်ကင်းသော အိမ် ၊ခြံ၊ မြေ၊ ဥယျာဉ်၊ လယ်ယာမြေများအား ပြည်နယ်အစိုးရအဖွဲ့မှ (ဒုတိယအကြိမ်) မြေယာလျော်ကြေး ငွေပေးအပ်

ကျိုက်ထို စက်တင်ဘာ ၂၃

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း မြို့ရှောင်လမ်း ဖောက်လုပ်ရာတွင် မလွတ်ကင်းသော အိမ် ၊ခြံ၊ မြေ၊ ဥယျာဉ်၊ လယ်ယာမြေတို့အား ပြည်နယ်အစိုးရအဖွဲ့မှ မြေယာလျော်ကြေးငွေ (ဒုတိယအကြိမ်)  ပေးအပ်ပွဲကို  ယနေ့ နံနက် ၁၀ နာရီခွဲတွင် ကျိုက်ထိုမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦး၀ဏ္ဏကျော် က မြို့ရှောင်လမ်းဖောက်လုပ်ရာတွင် ပူးပေါင်းပါဝင် ကူညီခဲ့ကြ သည့်   ကျေးရွာသူ၊ ကျေးရွာ သားများအား ပြည်နယ်အစိုးရအဖွဲ့ ကိုယ်စား  ကျေးဇူးတင်ရှိပါ ကြောင်းနှင့်   လျော်ကြေးငွေ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းအမှာစကား ပြောကြားပြီး မြို့ရှောင်လမ်း ဖောက်လုပ်ရာတွင် မလွတ်ကင်းသည့် ပြည်သူ (၈) ဦးတို့၏ ဥယျာဉ်ခြံမြေ (၃.၈၂) ဧကနှင့် နေအိမ်၊ သီးနှံပင်စသည်တို့အတွက် လျော်ကြေးငွေ စုစုပေါင်း (၅၃၀၅၃၂၀၀) ကျပ်ကို ပြည်နယ်ဝန်ကြီးနှင့်   တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့သည်။

အဆိုပါ ပေးအပ်ပွဲသို့   မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦး၀ဏ္ဏကျော်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်   ဒေါက်တာခင်ဆောင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှမြင့်သန်း၊ မွန်ပြည်နယ် လမ်းဦးစီးဌာန ဦးစီးမှူး   ဦးကြည်သွင်ဦးနှင့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ၊ သထုံခရိုင် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းနှင့် ခရိုင်အဆင့်ဝန်ထမ်းများ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲဝင်းထိုက်နှင့်   မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့ရှောင်လမ်းဖောက် လုပ်ရာ တွင်မြေယာများပါဝင်ခဲ့သည့် လှည်းလမ်းကူးကျေးရွာသူ ကျေးရွာသားများ တက်ရောက်ခဲ့ ကြောင်း သိရသည်။

ဝင်းမောင်(ကျိုက်ထို)