(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်တောင်ကြီးမြို့၌ အထူးပြုဘာသာရပ်ပေါင်းစုံ သွေးလှူဒါန်းပွဲကျင်းပ

တောင်ကြီး     ဇန်နဝါရီ  ၄

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် တောင်ကြီးတက္ကသိုလ် အထူးပြုဘာသာရပ် ပေါင်းစုံမှ သွေးလှူဒါန်းခြင်းကို ဇန်နဝါရီ(၃)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့ ၊ တောင်ကြီးတက္ကသိုလ် ကျိုင်းတုံခန်းမ၌ ကျင်းပသည်။

သွေးလှူဒါန်းပွဲတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းက တောင်ကြီးတက္ကသိုလ် အထူးပြုဘာသာရပ်ပေါင်းစုံ သွေးလှူဒါန်းခဲ့သည်မှာ အကြိမ်အရေအတွက် ယခုအပါအဝင် (၁၄) ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း၊ သွေးလှူဒါန်းခြင်းသည် လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်သည့် မွန်မြတ်သော အလှူဒါနတစ်ခုဖြစ်ပြီး ကိုယ်လှူလိုက်သည့်သွေးမှ ဘယ်လိုလူမျိုးကို အကျိုးပြုသည်ကို အနည်းငယ်ပြောပြလိုကြောင်း၊ သွေးလှူရှင် မောင်တို့မယ်တို့ လှူဒါန်းလိုက်သော သွေးများသည် အကြောင်းမျိုးမျိုးကြောင့် ကြီးမားသည့် ခွဲစိတ်မှုပြုလုပ်ရန်အတွက် သွေးလိုအပ်နေသူများ Accidentနှင့် အခြားထိခိုက်ဒဏ်ရာကြောင့် သွေးဆုံးရှုံးမှုများသွားသည့်သူများကို အချိန်နှင့်တပြေးညီ လိုအပ်နေသောသူအတွက် ကူညီနိုင်မည်ဖြစ်ကြောင်း၊ သွေးလှူဒါန်းခြင်းသည် သွေးလိုအပ်နေသော အခြားသူတစ်ယောက်ကို ကူညီပေးနိုင်ရုံသာမက လှူဒါန်းကြသည့် သွေးလှူရှင်များအတွက် ကိုယ်ခန္ဓာကျန်းမာရေးအကျိုးကျေးဇူးများ ရရှိသည့်အပြင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါ အထောက် အကူပြုကြောင်း ပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တောင်ကြီးတက္ကသိုလ် ကြက်ခြေနီအသင်းအတွက် အလှူငွေကျပ် (၁၀)သိန်းကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းက ပေးအပ်ရာတောင်ကြီး တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာကေသီသင်မှ လက်ခံရယူပြီး ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ အလှူငွေကျပ်(၅)သောင်း၊ ရှမ်းပြည်နယ်အစိုး ရအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်းကအလှူငွေကျပ်(၅)သိန်း၊ ခရိုင်၊မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ တောင်ကြီးတက္ကသိုလ် ကြက်ခြေနီအသင်းအား ကြက်ဥအလုံး (၁၇၅၀)နှင့်ဒိန်ချဥ်(၁၅၀)ဗူး၊ တောင်ကြီးတက္ကသိုလ် ကြက်ခြေနီအသင်း ဥက္ကဋ္ဌ သင်္ချာဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာခင်မော်မော်က တောင်ကြီးတက္ကသိုလ် ကြက်ခြေနီအသင်းအား OXygen Concentrator တစ်လုံးအသီးသီး ပေးအပ်လှူဒါန်းပေးကြရာ တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ကေသီသင်မှ လက်ခံရယူပြီး တောင်ကြီးစဝ်စံထွန်းဆေးရုံအုပ်ကြီးဒေါက်တာအောင်မြင့်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် တောင်ကြီးတက္ကသိုလ် အထူးပြုဘာသာ ရပ်ပေါင်းစုံပါမောက္ခ(ဌာနမှူး)နှင့် ကျောင်းသား၊ ကျောင်းသူများက တောင်ကြီးမြို့စဝ်စံထွန်းဆေးရုံတွင် သွေးပေါင်ချိန်စစ်ဆေးပြီး သွေးများလှူဒါန်း ကြကြောင်းနှင့် သွေးလှူဒါန်းသူစုစုပေါင်း(၂၂၆)ဦးရှိ ကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)