မိုင်းယုမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော် အလံတင်ခြင်းနှင့် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကျင်းပ

မိုင်းယု ဇန်နဝါရီ ၄

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနားကို ယနေ့နံနက် ၄ နာရီ မိနစ် ၂၀ က မြို့မရပ်ကွက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ရှေ့၌လည်းကောင်း၊ လွတ်လပ်ရေးနေ့သဝဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနားကို နံနက် ၇ နာရီအချိန်တွင် အဆိုပါရုံး၏ အစည်းအဝေးခန်းမ၌လည်းကောင်း ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံတင် အခမ်းအနားကို နံနက် ၄ နာရီ၊ မိနစ် ၂၀ က ကျင်းပရာ  နိုင်ငံတော်အလံတင်ကို ဂုဏ်ပြုတပ်ဖွဲ့များက  အလံတင်စစ်ခရာမှုတ်၍ တိုင်ထိပ်သို့ လွှင့်တင်ပြီး မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေး၊ နယ်မြေခံစခန်းမှူး ရဲအုပ် နိုင်နိုင်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံ တိုင်ရင်းသားပြည်သူတို့မှ အလံတင်အဖွဲ့နှင့်အတူ အလေးပြုခဲ့ကြသည်။

ထို့နောက် နံနက် ၇ နာရီအချိန်တွင်  အဆိုပါရုံး၏ အစည်းအဝေးခန်းမ၌ မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေး၊ နယ်မြေခံစခန်းမှူး ရဲအုပ် နိုင်နိုင်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတိုင်ရင်းသားပြည်သူတို့ တက်ရောက်ကြပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရီသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် လွတ်လပ်ရေးနေ့သဝဏ်လွှာကို  မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးက ဖတ်ကြားခဲ့ကြသည်။

ဆက်လက်၍ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေဖြင့် ကျင်းပပြု လုပ်ခဲ့သည့် မူလတန်းဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျပန်းစကားပြော၊ စာစီစာကုံး၊ ပန်းချီနှင့် ကဗျာရွတ်ပြိုင်ပွဲတို့မှ ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ များအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ကိုကိုနိုင်