ကျောက်မဲ ဇန်နဝါရီ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ယနေ့နံနက်ပိုင်းက ၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောက်မဲမြို့၊ အမှတ် ၁ ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံရှိ လွတ်လပ်ရေး ကျောက်တိုင်ရှေ့တွင် ယနေ့နံနက် ၄ နာရီ ၂၀ မိနစ်အချိန်က အလံတင်အခမ်းအနားကျင်းပရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဂုဏ်ပြုတပ်ဖွဲ့မှ စစ်ခရာဖြင့် မြန်မာနိုင်ငံတော်အလံအား လွှင့်တင်ပြီး အခမ်းအနားသို့ တက်ရောက်လာသူများက မြန်မာနိုင်ငံတော်အလံအား အလေးပြုခြင်းများ ဆောင်ရွက်ခဲ့သည်။
ယင်းနောက် နံနက် ၇ နာရီ အချိန်ခန့်တွင် မြို့ကျက်သရေဆောင်ခန်းမ၌ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ အခမ်းအနားသို့ တက်ရောက်လာသူများက မြန်မာနိုင်ငံတော် အလံအားအလေးပြုပြီး ကျောက်မဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ဦးက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သော ၂၀၂၃ ခုနှစ်၊ ၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ သဝဏ်လွှာကို ဖတ်ကြားခဲ့ကြောင်း သိရသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်မြင့်ဦး၊ အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ဒုတိယ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ခိုင်မိုးနှင့် တာဝန်ရှိသူများက အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် အထက်တန်းအဆင့်ကဗျာပြိုင်ပွဲတို့တွင် ဆုရရှိသူများအား ဆုများအသီးသီး ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရှမ်းစာပေယဉ်ကျေးမှုနှင့် တအာင်းစာပေယဉ်ကျေးမှုမှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး အခမ်းအနား တက်ရောက်လာသူများအား ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)