ပုဗ္ဗသီရိ ဇန်နဝါရီ ၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်း၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ယနေ့နံနက် ၄နာရီ မိနစ်၂၀ အချိန်က ကျင်းပခဲ့သည်။
အခမ်းအနားသို့ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များနှင့် အလံတင်တပ်ဖွဲ့တို့ တက်ရောက်ကြပြီး အလံတင်တပ်ဖွဲ့မှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလံတိုင်ထိပ်သို့ လွှင့်တင်ကာ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည် ဦးဆောင်သော အခမ်းအနားတက်ရောက်လာကြသူများက နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော ရဲဘော်အပေါင်းတို့အား အလေးပြုကြသည်။
ထို့နောက် နံနက် (၇) နာရီအချိန်တွင် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကျင်းပပြုလုပ်ရာ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြပြီး ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ သဝဏ်လွှာအား ဖတ်ကြားခဲ့ကြောင်း သတင်းရရှိသည်။
သားငယ် (ပုဗ္ဗသီရိ)