(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ညောင်ဦးမြို့နယ် သဖန်းကုန်းကျေးရွာနှင့် တူရွင်းတိုင်ကျေးရွာတို့တွင် လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနား ကျင်းပ

ညောင်ဦး  ဇန်နဝါရီ ၄

(၇၅)နှစ်မြောက်စိန် ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အောက်ညဉ့်ကျေးရွာအုပ်စု၊ သဖန်းကုန်းကျေးရွာနှင့် တူရွင်းတိုင်အုပ်စု၊ တူရွင်းတိုင်ကျေးရွာတို့တွင် ယမန်နေ့နံနက်ပိုင်းက စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာ (၂)ရွာ လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း ညောင်ဦးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်ထံက သိရသည်။

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လျှပ်စစ် မီးဖွင့်ပွဲအခမ်းအနားများကို အောက်ညဉ့်ကျေးရွာအုပ်စု၊ သဖန်းကုန်းကျေးရွာနှင့် တူရွင်းတိုင်အုပ်စု၊ တူရရွင်း တိုင်းကျေးရွာတို့တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

ရှေးဦးစွာ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်က (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျေးရွာ(၂)ရွာအားလျှပ်စစ်မီး ဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့ကြောင်းဖြင့် အမှာစကားပြောကြားသည်။ ၎င်းနောက် ညောင်ဦးခရိုင် လျှပ်စစ်မန်နေဂျာ ဦးကျော်မျိုးအောင်မှ လျှပ်စစ်ဓာတ်အားရရှိမှုအနေဖြင့် နိုင်ငံတော်အတွင်း (၂၀၂၂)ခုနှစ် ဒီဇင်ဘာလအထိ တစ်နိုင်ငံလုံးမြို့ပေါင်း (၅၀၈)မြို့၊ ကျေးရွာပေါင်း (၄၀,၆၉၃)ရွာ လျှပ်စစ်ဓာတ်အားရရှိခဲ့ပြီး အိမ်ထောင်စုပေါင်း (၆,၉၅၆,၂၉၅)စု လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ပြီဖြစ်၍ မြန်မာတစ်နိုင်ငံလုံး၏ (၆၄)ရာခိုင်နှုန်းအား လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပြီး (၂၀၃၀)ပြည့်နှစ်တွင် တစ်နိုင်ငံလုံး (၁၀၀)ရာခိုင်နှုန်းပြည့် လျှပ်စစ်မီးလင်းနိုင်အောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာပေါင်း (၁၇၁) ရွာကို နိုင်ငံတော်ဓာတ်အားစနစ်မှ မီးလင်းပေးထားပြီဖြစ်သည့်အတွက် သဖန်းကုန်းကျေးရွာသည် (၁၇၂)ရွာမြောက်၊ တူရွင်းတိုင်ကျေးရွာသည် (၁၇၃) ရွာမြောက် နိုင်ငံတော်ဓာတ်အားစနစ်မှမီးလင်းပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ခရိုင်လျှပ်စစ်မန်နေဂျာ ဦးကျော်မျိုးအောင်ကရှင်းပြသည်။

သဖန်းကုန်းကျေးရွာ လျှပ်စစ်မီးရရှိရေးအတွက်  ၁၁ ကေဗွီဓာတ်အားလိုင်း(၂၇၇၉) ပေ၊ (၅၀)ကေဗွီ ထရန်စဖော်မာတို့ကို NEP Phase -2 (၆.၀၇၉)သန်းကျပ်ဖြင့် ဆောင်ရွက် ခဲ့ပြီး(၀.၄)ကေဗွီ ၊(၃၀၈၀)ပေအား ကျေးရွာသူ/သားများ ထည့်ဝင်ငွေဖြင့်ဆောင်ရွက်ခြင်းဖြစ်ကာ တူရွင်းတိုင်ကျေးရွာမီးလင်းရေးအတွက် အမျိုးသားလျှပ်စစ်စီမံကိန်းဖြင့် ၁၁ ကေဗွီဓာတ်အားလိုင်း (၁.၂၁)မိုင်၊ ၁၁/၀.၄ ကေဗွီ၊ (၅၀)ကေဗွီအေ ထရန်စဖော်မာ(၁)လုံး တည်ဆောက်ပေးခဲ့ကာ ကျေးရွာသူ/သားများမှ (၄၀၀)ဗို့လိုင်း (၄၂၉၀)ပေ တည်ဆောက် ခြင်းကို ကျေးရွာသူ/သားများမှ ကိုယ်ထူကိုယ်ထဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသည်။

လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားများသို့ ညောင်ဦးရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် လျှပ်စစ်မန်နေဂျာနှင့် မန္တလေးလျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်းမှ ဝန်ထမ်းများ၊ ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

ကိုကြေးမုံ