ချမ်းမြသာစည် ဇန်နဝါရီ ၃
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်အမှတ်(၁)ရပ်ကွက်၊ မန္တလာသီရိ အားကစားကွင်း၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မန္တလေးတိုင်းဒေသကြီး၊ လူငယ်ရေးရာကော်မတီမှ ဦးစီးကျင်းပပြုလုပ်သည့် မိုက်ခရိုမာရသွန် လူငယ်ဖိတ်ခေါ် အပြေးပြိုင်ပွဲအား ယနေ့နံနက် ၀၇:၀၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ပြိုင်ပွဲသို့ မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဦးသိန်းဌေးနှင့် လူမှုရေးရာဝန်ကြီး ဦးယဥ်ထွေးတို့တက်ရောက် အားပေးခဲ့ကြပြီး ပြိုင်ပွဲကို စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးက သေနတ်ပစ်ဖောက် တာလွှတ်ပေးခဲ့သည်။ ဆက်လက်ပြီး မိုက်ခရိုမာရသွန် အပြေးပြိုင်ပွဲတွင် ဆုရရှိကြသူများကို ဆုများ ပေးအပ်ချီးမြှင့်ခဲ့ရာ အမျိုးသားပထမဆုရရှိသော ကိုသိန်းဇော်ဦး၊ ဒုတိယဆုရရှိသော ကိုထိုက်တိုးဝေ၊ တတိယဆုရရှိသော ဒီလက်ရာတို့အား လူမှုရေးရာဝန်ကြီး ဦးယဥ်ထွေးက ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်ပြီး နှစ်သိမ့်ဆုရရှိသူ ၁၅ ဦးကို အား/ကာသိပ္ပံကျောင်းအုပ်ကြီး ဦးနိုင်လင်းအောင် ကလည်းကောင်း၊ အမျိုးသမီးပထမဆုရရှိသော မခိုင်သဇင်ထွေး၊ ဒုတိယဆု ရရှိသော မဂျူလှိုင်မို့မို့ကျော်၊ တတိယဆုရရှိသော မသရဖီစိုးတို့အား စီးပွားရေးရာ ဝန်ကြီးဦးသိန်းဌေးက လည်းကောင်း၊ နှစ်သိမ့်ဆုရရှိသူ ၁၅ဦးတို့အား တိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစောနေမင်းထွန်းမှလည်းကောင်း ဆုများ အသီးသီး ပေးအပ်ချီးမြှင့် ခဲ့ကြသည်။ မိုက်ခရိုမာရသွန်အပြေး ပြိုင်ပွဲသို့ ပြိုင်ပွဲ၀င်အားကစားသမား ၁၀၀၀ ဦးခန့် ဝင်ရောက် ယှဥ်ပြိုင်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
ခင်စိမ်း၀င်း (မြို့နယ် ပြန်/ဆက်)