မချမ်းဘော့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

မချမ်းဘော့ ဇန်နဝါရီ ၃

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် ၂၀၂၃ခု နှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဇန်နဝါရီလ ၂ရက်၊ ညနေ  ၃နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီလွင်က လွတ်လပ်ရေးကိုမြတ်နိုးတန်ဖိုးထားပြီး ထိန်းသိမ်းစောင့်ရှောက်ကြရန်၊ ငယ်စဉ်မှစ၍ မိမိနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို အလေးထားကြရန်နှင့် လွတ်လပ်ရေးအဓိပ္ပါယ်၊ (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်များကို ထည့်သွင်းဟောပြောခဲ့ပြီး နယ်လှည့်စာကြည့်တိုက်အဖြစ် ယူဆောင်လာသောစာအုပ်စာ​စောင်များကို ကျောင်းသူကျောင်းသားများအား ငှားရမ်းဖတ်ရှုစေပြီး မိမိဖတ်ရှုထားသော စာအုပ်များအကြောင်း ပြန်လည်ဆွေးနွေးစေခြင်းများ ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့သည်။ အဆိုပါလက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၇၄နှစ်မြောက်လွတ်လပ်ရေးနေ့ သဝဏ်လွှာကောက်နုတ်ချက်များ၊ (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့ ​အမျိုးသားရေးဦးတည်ချက်များ၊ စည်းလုံးညီညွတ်မှုကို တည်ဆောက်ကြရမည့်အချက်များ၊ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်များ၊ မြင်းမူမောင်နိုင်မိုး၏ လွတ်လပ်ရေးပန်းမို့ မနွမ်းစေချင် ကဗျာများ၊ လွတ်လပ်ရေးကို ထိန်းသိမ်းကြရမည့်ဆောင်ပုဒ်များပါဝင်ကြောင်းသိရှိရသည်။

ယောရွှေနီ (ပြန်/ ဆက်)