ပူတာအို ဇန်နဝါရီ ၃
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ၂၀၂၃-ခုနှစ် ဇန်နဝါရီ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်း အမှတ် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက် (၈)နာရီက ပူတာအိုမြို့ အခြေခံပညာကျောင်းများ၌ဖြန့်ဝေခဲ့ကြသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၄-၁.၂၀၂၂ရက်နေ့ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာမှကောက်နုတ်ချက်၊ (၇၅)နှစ် မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်(၅)ရပ်၊ ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၇-ခုနှစ် ဇူလိုင်(၁၃)ရက်နေ့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော ပြည်သူ့အစည်းအဝေးကြီးတွင်ပြော ကြားသည့်မိန့်ခွန်းမှကောက်နုတ်ချက်နှင့် လွတ်လပ်ရေးနှင့် ပတ်သက်သည့် ကဗျာ၊ဆောင်းပါး၊ကာတွန်း၊ဆောင်ပုဒ်များ ပါဝင်လျက်ရှိကြောင်းသိရသည်။
ယင်း သတင်းစကားလက်ကမ်းစာစောင်များကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သူဇာနှင့်ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်ရှိ အထက(ပူတာအို)ကျောင်းနှင့်အလက (မြို့မ) ကျောင်းများတွင် ကျောင်းသူကျောင်းသားများ လွတ်လပ်ရေးနေ့အကြောင်းကို ပိုမိုသိရှိလေ့လာနိုင်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာနရုံးချုပ်မှပေးပို့လာသော သတင်းစကားလက်ကမ်း စာစောင်(၅၀၀)စောင်ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး (၇၅)နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားတွင်လည်း ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)