တန့်ယန်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခြေခံပညာအဆင့် မီနီမာရသွန် အပြေးပြိုင်ပွဲကျင်းပ

တန့်ယန်း ဇန်နဝါရီ ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၃-ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၌ ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို လှုပ်ရှား ဆောင်ရွက်မှုအဖြစ် အခြေခံပညာအဆင့် မီနီမာရသွန် အပြေးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြသည်။

အဆိုပါ မီနီမာရသွန် အပြေးပြိုင်ပွဲကို တန့်ယန်း-လားရှိုးလမ်း၌ တာလွှတ်ပြီး မြို့ဝင်မုခ်ဦးတွင် ပန်းဝင် ကြရာ နယ်မြေခံတပ်နယ်မှ စစ်ဗျူဟာမှူးကြီး ဗိုလ်မှူးကြီး ကျော်သူဝင်းနှင့် အရာရှိကြီးများ၊ မိသားစုဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်သူများက သောင်းသောင်းဖြဖြ အားပေးခဲ့ကြသည်။

အခြေခံပညာအဆင့် မီနီမာရသွန် အပြေးပြိုင်ပွဲတွင် အခြေခံပညာကျောင်းများမှ အမျိုးသား (၈၇)ဦး၊ အမျိုးသမီး (၄၀)ဦး စုစုပေါင်း (၁၂၇)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြကာ ဆုရရှိကြသူများအား (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်မည် ဖြစ်ကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)