မိုင်းလုံ ဇန်နဝါရီ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်(၉)နာရီအချိန်ခန့်က ခန္တီရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ဖြန့်ဝေပေးခဲ့သည်။
ထိုသို့ ဖြန့်ဝေပေးရာတွင် မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ်ထုတ်ဝေသော ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော ပြည်သူ့အစည်းအဝေးကြီးတွင်ပြောကြားခဲ့သည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၄-၁-၂၀၂၂ ရက်နေ့တွင်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာမှကောက်နုတ်ချက်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်များ၊ မြင်းမူမောင်နိုင်မိုး၏ “လွတ်လပ်ရေးပန်းမို့ မနွမ်းစေချင်” ကဗျာ၊ လွတ်လပ်ရေးနေ့နှင့် ပတ်သက်သည့် ဆောင်းပါး၊ ကာတွန်း၊ ဆောင်ပုဒ်များပါရှိသည့် သတင်းစကားလက်ကမ်းစာစောင်(၂၆၀)စောင်ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇော်ဇော်(ပြန်/ဆက်)