လားရှိုးမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စက်ဘီးစီးပြိုင်ပွဲ၊ မီနီမာရသွန်အပြေးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

လားရှိုး ဇန်နဝါရီ ၃

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ယနေ့နံနက် (၆:၃၀)နာရီအချိန်က စက်ဘီးစီးပြိုင်ပွဲနှင့် မီနီမာရသွန်အပြေးပြိုင်ပွဲကျင်းပရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်း/မြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများတက်ရောက်အားပေးခဲ့ကြသည်။

ရှေးဦးစွာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးက အဖွင့်အမှာစကားပြောကြားပြီး စက်ဘီးစီးပြိုင်ပွဲအား (၆:၃၀)နာရီအချိန်တွင်လည်းကောင်း၊ မီနီမာရသွန်အပြေးပြိုင်ပွဲအား (၇)နာရီအချိန်တွင်လည်းကောင်း တာလွှတ်သေနတ်ပစ်ဖောက်၍ စတင်တာလွှတ်လိုက်သည်နှင့်တစ်ပြိုင်နက် ပြိုင်ပွဲဝင်အားကစားသမားများသည် လားရှိုးမိုတယ်ရှေ့မှ ဘူတာလမ်းတစ်လျှောက်၊ လေယာဉ်ကွင်းလမ်းမှ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်၊ ၎င်းမှ ပြည်ထောင်စုအားကစားကွင်းတွင်ပန်းဝင်ခဲ့ကြသည်။

ဆုပေးပွဲအခမ်းအနားအား ဆက်လက်ကျင်းပရာ စက်ဘီးစီးပြိုင်ပွဲနှင့် မီနီမာရသွန်အပြေးပြိုင်ပွဲတွင် ပထမ၊​ ဒုတိယ၊ တတိယနှင့် အထူးဆုရရှိသူများအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်နိုင်နိုင်ဦး၊ ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်း/မြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့်တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရသည်။

စိုင်းအောင်ကျော်စိုး