နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး  (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ အခမ်းအနားတက်ရောက်

ပျဉ်းမနား ဇန်နဝါရီ ၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံးရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ဓာတ်ပုံပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အဖွင့်အမှာစကားပြောကြားရာတွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားတွေကိုဆောင်ရွက်ပြီး ကျောင်းသား/ ကျောင်းသူ လူငယ်များကို လွတ်လပ်ရေး၏အနှစ်သာရကိုသိရှိ၍ တန်ဖိုးထားတတ်စေရန်အတွက် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ကျောင်းသား/ ကျောင်းသူ လူငယ်များအနေဖြင့် လွတ်လပ်ရေးရရှိဖို့အတွက် အသက်၊ သွေး၊ ချွေးတွေရင်းနှီးပြီး အရယူခဲ့ကြသည့်ဖြစ်စဉ်တွေကို တန်ဖိုးထားကြဖို့ လိုသလို အမိမြန်မာနိုင်ငံ၏ လွတ်လပ်ရေးကို ကာကွယ်ကြရမည့်တာဝန်ကို အမြဲအပြတ် နှလုံးသွင်းထားကြဖို့ လိုအပ်မှာဖြစ်ပါကြောင်း၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနားများနှင့် ဟောပြောဆွေးနွေးခြင်းများကို စဉ်ဆက်မပြတ် အသိပညာပေးဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က ဟောပြောပွဲနှင့် ပြပွဲများကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက ခင်းကျင်းပြသထားသည့် လှပသာယာပြည်မြန်မာရောင်စုံဓာတ်ပုံများ၊ နံရံကပ်စာစောင်ပြဘုတ်များ၊ ပြည်သူ့ စာကြည့်တိုက်တွင် စာအုပ်စာစောင်များ ငှားရမ်းနေမှုအခြေအနေများနှင့် ပြတိုက်ငယ်တို့ကို လှည့်လည်ကြည့်ရှုအားပေးသည်။

ထို့နောက် စာရေးဆရာမသက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)က  လူငယ်နှင့်ယဉ်ကျေးမှု၊ စာရေးဆရာမခင်လေး (ပြည်ထောင်စုနယ်မြေ)က လူငယ်နှင့်စိတ်ဓာတ်ခွန်အား ခေါင်းစဉ်များဖြင့် ဟောပြောဆွေးနွေးကြသည်။

အခမ်းအနားအပြီးတွင် ကျောင်းသား၊ ကျောင်းသူများက  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လှပသာယာပြည်မြန်မာရောင်စုံဓာတ်ပုံများ၊ နံရံကပ်စာစောင်ပြဘုတ်များ၊ ပြည့်သူ့စာကြည့်တိုက်၊ ကလေးစာဖတ်ခန်း၊ ပြတိုက်ငယ်တို့ကို ကြည့်ရှုလေ့လာကြပြီး ကလေးစာဖတ်ခန်းတွင် ဆေးရောင်ခြယ်ခြင်း၊ ဂိမ်းကစားခြင်းများကို ပါဝင်ယှဉ်ပြိုင်ကြရာ ဆုရရှိသူများအား တာဝန်ရှိသူများက ဆုလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

ထို့နောက် ပျဉ်းမနားမြို့နယ်ရုံးဝန်ထမ်းများက ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

မျိုးသီဟ