ကျောက်ဆည် ဇန်နဝါရီ ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ဇော်ဂျီဂေါက်ကွင်းတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီ(၄)ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဆုရရှိသူများအား ယမန်နေ့ညနေ(၅)နာရီက အဆိုပါ ဂေါက်ကွင်းရှိ ဆုပေးပွဲခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးက ရှင်းလင်းပြောကြားခဲ့ပြီးရွှေတန်း(၀-၁၈) ပြိုင်ပွဲများ၌ ပထမ၊ ဒုတိယ၊ တတိယဆု ရရှိခဲ့သူများ၊ ငွေတန်း(၁၉-၂၀)ပြိုင်ပွဲများ၌ ပထမ၊ ဒုတိယ၊ တတိယဆု ရရှိခဲ့သူများနှင့် အထွေထွေပြိုင်ပွဲများတွင် ထူချွန်သူများအား ကျောက်ဆည်တပ်နယ်မှ တပ်နယ်မှူးဗိုလ်မှူးချုပ် သိန်းထွေးနှင့် တာဝန်ရှိသူများက ဆုများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ဂေါက်သီးရိုက်ပြိုင်ပွဲအား တပ်ရင်း၊တပ်ဖွဲ့များမှအရာရှိများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအရာရှိများ၊ မြို့မိမြို့ဖများ၊ ဂေါက်သီးရိုက်အားကစားသမားများ ပိုမိုရင်းနှီးပြီးစည်းလုံးမှုရှိစေရန်နှင့် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်းဖြစ် ကြောင်းနှင့် ပြိုင်ပွဲတွင် အားကစားသမားပေါင်း(၈၀)ဦးခန့် ပါဝင်ခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်- ခရိုင်၊ ပြန်/ဆက်)