နောင်ချို ဇန်နဝါရီ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေး ဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစည်သူလင်းက အဖွင့်အမှာစကားပြောကြားရာတွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာများအနေဖြင့် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး လုပ်ငန်းများကိုဆောင်ရွက်ရာတွင် အလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ ထူးခြားဖြစ်စဉ် များအား အချိန်နှင့်တပြေးညီ တင်ပြကြစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းကျော်ကတက်ရောက်လာကြသော ရပ်ကျေးများအနေဖြင့် ဌာနဆိုင်ရာများမှပေါင်းစပ်ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များအား တင်ပြကြစေလိုကြောင်းနှင့် တက်ရောက်လာကြသော ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် ဆောင်ရွက်နေမှု အပေါ် ပေါင်းစပ်ဆောင်ရွက်နိုင်ရေးတင်ပြခဲ့ကြပြီးရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေး ဝန်ထမ်းများက ရပ်ကွက်၊ ကျေးရွာအလိုက် တင်ပြဆွေးနွေးခဲ့ကြသည်။
နောင်ချိုမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးတွက်လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို လစဉ်ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ပြန်/ဆက်)