ခရမ်း ဇန်နဝါရီလ ၂
လွတ်လပ်ရေးနေ့နှင့်ပတ်သက်သည့် အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများအား ပိုမိုသိရှိစေရန်အတွက် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ထုတ်ဝေထားသည့် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့၊ နံနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အ.ထ.က (၁)၊ အထက (၂)အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ကာ ကျောင်းသား၊ ကျောင်းသူများလက်ဝယ်အရောက် (အခမဲ့)ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (အခမဲ့)ထုတ်ဝေခြင်းဖြစ်ပြီး သတင်းစကားလက်ကမ်းစာစောင်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အမျိုးသားရေး ဦးတည်ချက်(၅)ရပ်၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းမှကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ မိန့်ခွန်းကောက်နုတ်ချက်၊ ကဗျာဆရာမြင်းမူမောင်နိုင်မိုး ရေးသားသည့် “လွတ်လပ်ရေးပန်းမို့မနွမ်းစေချင်” ကဗျာနှင့် စည်းလုံးညီညွတ်မှုကိုတည်ဆောက်၊ စည်းလုံးညီညွတ်စွာဆက်လက်ထိန်းသိမ်းစောင့်ရှောက်နှင့် ကာတွန်းလှထွဋ်ဦး၏ တစ်ကွက်ကာတွန်းတို့ပါဝင်ကြောင်းလည်း သိရသည်။
သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူလေးများ လက်ဝယ်အရောက်ဖြန့်ဝေပေးခဲ့ကြကြောင်းလည်း သိရသည်။
ကိုမင်း ( ပြန်/ ဆက်)