ရေး စက်တင်ဘာ ၂၃
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် တောင်တရုတ်ပင်လယ်ပြင်မှ စတင်ဖြစ်ပွါးခဲ့သော အပူပိုင်း မုန်တိုင်း နို(လ်)သည် ကုန်းတွင်းမုန်တိုင်းအဖြစ်သို့ အားလျော့သွားခဲ့ပြီးဖြစ် သော်လည်း ၎င်း၏ အရှိန်ကြောင့် စက်တင်ဘာ (၁၉) ရက်နေ့ညက လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်း ခြင်း၊ ပင်လယ်ရေမြင့်တက်လာမှုကြောင့် ပျက်စီးဆုံးရှုံး သွားသည့် လူနေအိမ်များအား ယမန်နေ့က လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မွန်ပြည်နယ် ဦးစီးမှူးရုံးနှင့် ရေးမြို့နယ်ဦးစီးမှူး ရုံးတို့မှ တာဝန်ရှိသူများက ကွင်းဆင်းကာ ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။
ရေးမြို့နယ်အတွင်းရှိ သဘာဝဘေးသင့်ရွာများဖြစ်သည့် အံဒင်ကျေးရွာ (ငါးမျှားစခန်း)၊ ဇီးဖြူသောင်ကျေးရွာ၊ ရင်းဒိန်းဝကျေးရွာ၊ ကဗျာဝကျေး ရွာနှင့် ကော့ဒွတ်ကျေးရွာရှိ အိမ်ထောင်စု (၅၃) စုတို့အား ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းနှင့် ကယ်ဆယ်ရေး ပစ္စည်းမျိုးစုံတို့ အပါဝင် ထောက်ပံ့ငွေ (၅၃,၅၂,၄၀၀/-)ကျပ်နှင့် ရေးမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ (၃၉)အိမ်ထောင်စုအတွက် ကယ်ဆယ်ရေး ပစ္စည်းတန်ဖိုးငွေ (၁၄,၅၀,၁၁၇/-)ကျပ်တို့ကို ထောက်ပံ့ကူညီပေးခဲ့ကြသည်။
ပြည်သူလူထုအနေဖြင့် မိုးလေဝသဆိုင်ရာ သတင်းအချက်အလက်များ သတိပေးချက် များကို အလေးထား ဂရုပြုလိုက်နာရန်နှင့် သဘာဝဘေး အန္တရာယ်များနှင့် ကြုံတွေ့လာပါက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတွင် ဖွင့်လှစ် ထားရှိသည့် Hot-Line ဖုန်းများဖြစ်သော ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့ကို အချိန်မရွေး ဆက်သွယ်အကူညီတောင်းခံနိုင်ပါကြောင်း မြို့နယ်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူမှ ပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)