သီပေါမြို့နယ် မီးသတ်ဦးစီးဌာန၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်

သီပေါ ဇန်နဝါရီ ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်မီးသတ် ဦးစီးဌာနရုံးခန်းမတွင်  ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် မီးသတ်တပ်ဖွဲ့၏ရည်မှန်းချက်တာဝန်များ၊ မီးဘေးလုံခြုံရေးလုပ်ငန်း စဉ်များ၊ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ဆောင်ရွက်ရမည့်လုပ်ငန်များ၊ ရှာဖွေကယ် ဆယ်ရေးလုပ်ငန်းများ၊ လေ့ကျင့်ဆောင်ရွက်ခြင်းလုပ်ငန်းများ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများစသည့်အကြောင်းအရာများနှင့် သင်တန်းသားများအနေဖြင့် သင်တန်းကိုပြီးမြောက်သည်အထိ စိတ်ပါဝင်စားစွာတက်ရောက်ကြပါရန် ပြောကြားခဲ့ပြီးနောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကြည်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းသားများအားတူညီဝတ်စုံများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကပေးအပ်ခဲ့ပြီးနောက် ပြသထားသော မီးငြိမ်းသတ်ရေးပစ္စည်းကိရိယာများအား အခမ်းအနားတက်ရောက်လာကြသူများက စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြကြောင်း၊ အဆိုပါ သင်တန်းသို့ သင်တန်းသား   (၅၀) ဦး တက်ရောက်ပြီးသင်တန်းကာလမှာ ရက်(၂၀) ကြာမြင့်မည် ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)