ဟိုပန် ဇန်နဝါရီ ၂
၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက်၊ စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၌ အမျိုးသားအလွတ်တန်း ဘောလီဘောအားကစားပြိုင်ပွဲများ ကျင်းပလျက်ရှိရာ ယနေ့နံနက်(၉)နာရီက ဟိုပန်မြို့၊ လွတ်လပ်ရေးကျောက်တိုင်ကွင်း၌ ဆက်လက် ယှဉ်ပြိုင် ကစားခဲ့ကြသည်။
ဟိုပန်မြို့နယ်တွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများအဖြစ် အမျိုးသားအလွတ်တန်း ဘောလီဘောအားကစားပြိုင်ပွဲတွင် (၆)သင်းနှင့် ဝန်ထမ်းပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် (၇)သင်း ဝင်ရောက်ယှဉ်ပြိုင်ကစားလျက်ရှိပြီး အဆိုပါပြိုင်ပွဲများတွင် ဆုရရှိသည့် အသင်းများအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့၊ စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား၌ ဆုများအသီးသီးပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။
၎င်းပြိုင်ပွဲများအပြင် ပြေးခုန်ပစ်၊ မီတာ(၁၀၀၊၂၀၀၊၄၀၀၊၈၀၀)အပြေးပြိုင်ပွဲ၊ သံလုံးပစ်၊ သံပြားပစ်၊ အလျားခုန်၊ ရိုးရာအားကစားပြိုင်ပွဲများဖြစ်သည့် အိတ်စွပ်ပြေး၊ သုံးချောင်းထောက်၊ သံပုံးရိုက် စသည့်အားကစားပြိုင်ပွဲများကိုလည်း လွတ်လပ်ရေးနေ့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပေးသွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေး ကော်မတီထံမှ သိရသည်။
ဇင်ဇင်(ပြန်/ဆက်)