ပြင်ဦးလွင် ဇန်နဝါရီ ၂
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပွင့်လွှာကဖေးနှင့်အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းတို့ ပူးပေါင်းကျင်းပသော(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပွင့်လွှာဖလားပိုက်ကျော်ခြင်း ပြိုင်ပွဲဖွင့်ပွဲအခမ်း အနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ရုံးဝင်းအတွင်းရှိ ပိုက်ကျော်ခြင်းကွင်း၌ ကျင်းပခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငုချိုချိုကျော်က ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် အားကစားအဓိဌာန်ပါ အချက်များနှင့်အညီ ယှဉ်ပြိုင်ကစားကြရန်တိုက်တွန်းမှာကြားသည်။
အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲ ကွင်းဖွင့်ပွဲတွင် Y.C.A (က) အသင်းနှင့် ပွင့်(က)အသင်းတို့က ယှဉ်ပြိုင်ကစားခဲ့ပြီး၊ အုပ်စုတစ်အုပ်စုလျှင် ပြိုင်ပွဲဝင် ပိုက်ကျော်ခြင်းအသင်း(၃)သင်းနှုန်းဖြင့် အုပ်စု(က)မှ အုပ်စု(စ)အထိ ပြိုင်ပွဲဝင်ပိုက်ကျော်ခြင်းအသင်း စုစုပေါင်း(၁၈)သင်းတို့က ဇန်နဝါရီ လ(၁)ရက်နေ့မှ ဇန်နဝါရီလ (၄)ရက်နေ့အထိ ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
ဖြူလူသစ်(ခရိုင် ပြန်/ဆက်)