မောက်မယ်မြို့နယ်တွင်ကလေးများဉာဏ်ရည်မြှင့်မားလာစေမည့်ပန်းချီပြိုင်ပွဲကျင်းပ

မောက်မယ် ဇန်နဝါရီ ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်း၍၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းပေါင်း စုံမူလတန်းဆင့် ပန်းချီဆွဲပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀နာရီက ကျင်းပပြုလုပ်ခဲ့သည်။ 

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက အနာဂတ်မျိုး ဆက်သစ်လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ တီထွင်ဖန်တီးနိုင်စွမ်းရှိစေရန်၊ စိတ်ကူးဉာဏ် ကွန့်မြူးတိုးတက်လာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးတိုးတက်သွက်လက် ထက်မြက်လာစေရန်၊ တစ်ဦးနှင့် တစ်ဦးရင်းနှီးကျွမ်းဝင်ပြီး ပူးပေါင်းလုပ်ဆောင်တတ်စေရန်စသည့် ရည်ရွယ်များဖြင့် ပြိုင်ပွဲများ ပြုလုပ်ယှဉ်ပြိုင်စေခြင်းဖြစ်ပြီး အဆိုပါပန်းချီဆွဲပြိုင်ပွဲတွင် မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများရှိ အခြေခံပညာမူလတန်းကျောင်း၇ ကျောင်းမှ မူလတန်းဆင့်ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားပျော်ရွှင်စွာ ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့်ကျောင်းသား/ကျောင်းသူများကို ဆုလက်ဆောင်ပစ္စည်းများချီးမြှင့်ကာ ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများအားလုံး ဗလာစာအုပ် လက်ဆောင်များ၊ အချိုရည်နှင့် မုန့်များပေးဝေခဲ့ကြောင်း သိရသည်။ 

ထိုပြိုင်ပွဲသို့ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ (၄၀)ဦး တက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ဓါတ်ပုံနှင့်နံရံကပ်စာစောင်များကို စိတ်ဝင်တစား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။ 

စိုင်းမျိုးသန့်(မောက်မယ်)