လားရှိုး ဇန်နဝါရီ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အမှတ်(၉)ရပ်ကွက်၊ မြန်မာ့မီးရထား ဘူတာရုံရှေ့တွင် ယမန်နေ့ည (၇) နာရီအချိန်က မြန်မာ့မီးရထား သဗသုခ ဗုဒဝေယျာသစ္စအရုဏ်ဆွမ်းလောင်းအသင်းမှ ကြီးမှူး၍ မြို့မိမြို့ဖများ၊ အလှူရှင်များ စုပေါင်းကာ တတိယအကြိမ်နှစ်ဦးတရားပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အရှေ့ခါးရိုးပရိယတ္တိစာသင်တိုက်ဆရာတော် အဂမဟာသဒ္ဒမ္မဇောတိကဓဇ(ဝိနရဝိဒူ)၊ ဘဒ္ဒန္တ သုဇာတ ဆရာတော်အား ကြည်ညိုကန်တော့ပြီး တရားပွဲကို နမောတဿ(၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက် ဆရာတော်မှ တရားနာပရိတ်သတ်အပေါင်းတို့အား တရားတော်များ ချီးမြှင့်ခဲ့ပြီး တရားပွဲအပြီးတွင် တရားနာပရိသတ်များ၊ အလှူရှင်များက ဆရာတော်အား လှူဖွယ်၀တ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယမန်နေ့မှ (၅-၁-၂၀၂၃)ထိ (၅)ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ထေရ်ကြီးဝါကြီးဆရာတော်များမှ တရားတော်များချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး