ကာလိမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဘင်ခရာသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

ကာလိ ဇန်နဝါရီ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ ကာလိမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကြီးမှူးဖွင့်လှစ်သော ဘင်ခရာသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်ခန့်က အဆိုပါကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကာလိမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးစန်းမြင့်သန်းက အဖွင့် မိန့်ခွန်းစကား ပြောကြားသည်။ ဆက်လက်၍ ကွန်ဟိန်းမြို့နယ် ပညာရေးမှူး ဒေါ်နန်းဖြူဆိုင်က အမှာစကား ပြောကြားပြီးနောက် ကာလိမြို့ အခြေခံပညာအထက်တန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းစိုးစိုးဝင်းက ဘင်ခရာသင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခြင်း၊ သင်တန်းနည်းပြဆရာမှ သင်တန်းပို့ချခြင်းဆိုင်ရာများ ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး ခေါက်တီးဘာသာရပ်နှင့် ပုလွေဘာသာရပ် ဂီတစွမ်းရည်များပြသခဲ့ပြီး သင်တန်းသားများမှ " ရှမ်းရိုးမကအိုးစည်သံ" သီချင်းဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ပြီး အခမ်းအနားအပြီး ကာလိမြို့ အခြေခံပညာအထက်တန်းကျောင်းမှ  ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ဘင်ခရာတပ်ဖွဲ့နှင့် ပန်းပွားအကအဖွဲ့မှ မြို့တွင်းသို့ အလှပြ ချီတက်ခဲ့ကြကြောင်းသိရသည်။

အဆိုပါ သင်တန်းကို သင်တန်းနည်းပြဆရာနှစ်ဦးမှ အမှတ်စဉ်(၁) ဘာသာမှစ၍ အခြားဘာသာရပ် ဆိုင်ရာများကို ပို့ချခဲ့ပြီး ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၀၃)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ  တစ်လတာကြာမြင့်ခဲ့ကြောင်း သိရသည်။

ထင်ထင်(ပြန်/ဆက်)