မိုင်းဆတ် စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ကာလအတွင်း စားသောက်ဆိုင်များနှင့် လ္ဘက်ရည်ဆိုင်များ ညွှန်ကြားချက်နှင့်အညီ ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိစစ်ဆေးခြင်းကို တာဝန်ရှိသူတို့က ယနေ့မွန်းတည့် (၁၂)နာရီ က ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် SO GOOD စားသောက်ဆိုင်၊ ကျိုင်းတုံစားသောက်ဆိုင်၊ သဇင်မိသားစုလ္ဘက် ရည်ဆိုင်၊ ရွှေစကားလ္ဘက်ရည်ဆိုင်၊ အောင်လ္ဘက်ရည်ဆိုင်၊ စိန်ပန်းပြာစားသောက်ဆိုင်၊ မိုင်းဆတ်တောင်တန်း စားသောက်ဆိုင်နှင့် ထူးစားသောက်ဆိုင်များတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် စားပွဲဝိုင်းများတွင် (Partition) ကာရံထားရှိမှု၊ အစားအသောက်များကို သန့်ရှင်းစင်ကြယ်စွာ ချက်ပြုတ်မှု၊ လက်ဆေးဘေစင်များနှင့် Hand Gel များထားရှိမှု၊ ဆိုင်ပိုင်ရှင်များအနေဖြင့် Maskများ၊ မျက်နှာကာ (Face shield) များ တပ်ဆင်ရောင်းချမှု၊ စားပွဲခုံများခင်းကျင်းထားရာတွင် Social Distancing ဖြစ်အောင် ဆောင်ရွက် ထားရှိမှု၊ ကိုယ်အပူချိန်တိုင်းကိရိယာများ ထားရှိစစ်ဆေးမှု၊ Mask များထားရှိမှု၊ ကိုဗစ်-၁၉ ရောဂါ ကျန်းမာရေး အသိပညာပေး ပိုစတာများကို Customer များမြင်သာသည့် နေရာများတွင်ကပ်ထားမှု စသည့် အချက်များကို လိုက်နာဆောင်ရွက်မှု ရှိ/မရှိ မြို့နယ်စားသောက်ဆိုင်နှင့် လ္ဘက်ရည်ဆိုင်များ စစ်ဆေးရေးအဖွဲ့ မြို့နယ်စည်ပင် သာယာရေးဌာန အမှုဆောင်အရာရှိ ဦးအောင်သူ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဖြိုးကိုကိုဝင်းနှင့် ကျန်းမာရေးဌာန တာဝန်ရှိသူတို့က ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဆောင်ရွက်ထားရှိရန် မှာကြားခဲ့သည်။
စားသောက်ဆိုင်နှင့် လ္ဘက်ရည်ဆိုင်များအနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း စည်းကမ်းချက်(၁၁) ချက်နှင့်အညီ ပြင်ဆင်ဆောင်ရွက်ရန်၊ အထူးဂရုစိုက်ရမည့် သန့်ရှင်းရေး စည်းကမ်းချက် (၄)ချက်တို့ကို လိုက်နာ ဆောင်ရွက်ရန်နှင့် စားပွဲဝိုင်းတစ်ခုတွင် စားသုံးသူ(၄)ဦးထက်မပိုဘဲ ဆိုင်ထိုင်ကြရန် စသည့်အချက်များကို စနစ်တကျလိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဆိုင်ထိုင်စနစ်ပိတ်သိမ်း၍ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရမည် ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးအောင်သူထံမှ သိရသည်။
မြင့်မောင်(ပြန်/ဆက်)