တောင်ကြီး ဇန်နဝါရီ ၁
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ရှမ်းပြည်နယ် အခြေခံပညာ ကျောင်းသားအားကစားပွဲတော်ဖွင့်ပွဲကို ဇန်နဝါရီ (၁)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပသည်။
ရှမ်းပြည်နယ် အခြေခံပညာ ကျောင်းသားအားကစားဖွင့်ပွဲကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ ရှမ်းပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းက ကျန်းမာကြံ့ခိုင်သော နိုင်ငံတော်ကိုယ်စားပြု မျိုးဆက်သစ်အားကစားများ မွေးထုတ်ပေးရာ၌ အခြေခံပညာအဆင့် ကျင်းပဆောင်ရွက်ခြင်းသည် ပညာရေးဝန်ကြီးဌာနအတွက် အထူးအလေးပေး ဆောင်ရွက်ရမည့် လုပ်ငန်း တစ်ရပ်ဖြစ်ပါကြောင်း၊ ယခုကျင်းပသည့် ရှမ်းပြည်နယ် အခြေခံပညာ ကျောင်းသားအားကစားပွဲတော်တွင် အားကစားနည်း(၄)မျိုး ဘောလုံး၊ ဘော်လီဘော၊ ပြေးခုန်ပစ်ပိုက်ကျော်ခြင်း၊အားကစားပြိုင်ပွဲများ ပြုလုပ် ကျင်းပသွားမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ခရိုင်(၃)ခရိုင်၊ ရှမ်းရှေ့(၂)ခရိုင်၊ရှမ်းမြောက်(၂)ခရိုင် စုစုပေါင်း(၇) ခရိုင် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း၊ ရှမ်း(၃)ရှမ်း ပေါင်းခရိုင်(၇)ခရိုင်မှ အတော်ဆုံး အကျွမ်းကျင်ဆုံး အားကစားသမားများကို ရွေးချယ်ပြီး ရှမ်းပြည်နယ် လက်ရွေးစင် ကစားသမားအဖြစ် ရွေးချယ်သွားမည်ဖြစ်ကြောင်း၊ ဗဟိုအဆင့်တွင် ယှဉ်ပြီးရွေးချယ်ခံရသော ကစားသမားများနှင့် အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများမှ အားကစားသမားများနှင့် ပြန်လည်ယှဉ်ပြိုင်ကာ Selection များ ရွေးချယ်ပြီး ASEAN SCHOOL GAMES 2023 သို့ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားသစ္စာအဓိဌာန် ရွတ်ဆိုကြပြီး ပြိုင်ပွဲဝင် အားကစားသမားများက အားကစားကွင်းအတွင်းမှ ပြန်လည်ထွက်ခွာ၍ တောင်ကြီးမြို့နယ် အခြေခံပညာကျောင်းများမှ ကျောင်းသူလေးများက အေရိုးဗစ်အကနှင့် ပန်းဖွားအကဖြင့် သရုပ်ပြဖျော်ဖြေကြပြီး ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် ရှမ်းပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ ပြည်နယ်ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ်၏ ဇနီးတို့မှ ကပြဖျော်ဖြေပေးသောအဖွဲ့များအား ဂုဏ်ပြုဆုငွေအသီးသီး ချီးမြှင့်ပေးကြကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)