မိုင်းဆတ် စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်စစ်ဆေးကုသရေးကြီးကြပ် ဆောင်ရွက်မှုအခြေအနေများကို ခရိုင် ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်စစ်ဆေးကုသရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ယနေ့နံနက် (၁၀)နာရီ က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ခရိုင် ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်စစ်ဆေးကုသရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော်နှင့် တာဝန်ရှိသူတို့က အ.ထ.က-ခွဲ (အ.လ.က-၁) ကျောင်းရှိ Quarantine Center တွင် Quarantine ဝင်ရောက်နေထိုင်သူများအား ကြည့်ရှုစစ်ဆေး၍ အားပေး စကားပြောကြားပြီး ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေး သင်တန်းကျောင်း တို့တွင် Quarantine Center အဖြစ် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှု အခြေအနေများ ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် မြို့ဝင်၊ မြို့ထွက်ဂိတ်များတွင် ခရီးသွားပြည်သူများအား ကိုယ်ပူချိန်တိုင်းတာ စစ်ဆေးခြင်းနှင့် ခရီးသွားရာဇဝင် မှတ်တမ်းယူ စစ်ဆေးဆောင်ရွက်နေမှု အခြေအနေများ၊ မြို့မဈေးအတွင်း ဈေးရောင်းချ လျက်ရှိသည့် ဈေးသည်များနှင့် ဈေးဝယ်သူများ Mask တပ်ဆင်ရောင်းဝယ်ခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့သည်။
အဆိုပါစစ်ဆေးခြင်းကို ခရိုင် ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်စစ်ဆေးကုသရေးကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော်၊ အတွင်းရေးမှူး ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးနှင့် တာဝန်ရှိသူတို့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)