မလှိုင်မြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဆွေနွေးပွဲ ကျင်းပ

မလှိုင် ဇန်နဝါရီ ၁  

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဒီဇင်ဘာ ၃၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ကလေးအခွင့်ရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ကလေးသူငယ်အခွင့်ရေးဆိုင်ရာ အမျိုးသားကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၂၁)ဖြင့်(၁၂.၃.၂၀၂၁)ရက်နေ့တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေပြဌာန်းချက်များကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန် မြို့နယ်ကလေးသူငယ်များဆိုင်ရာ ကော်မတီကို ဖွဲ့စည်းတာဝန် ပေးအပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး  ဥပဒေပါ ကလေးသူငယ်အခွင့်အရေး ဥပဒေများအကြောင်းနှင့် ကော်မတီ၏ တာဝန်နှင့်ဝတ္တရားများ လူမှုဝန်ထမ်းဦးစီးဌာန၏ ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ကလေးသူငယ်မွေးစားခြင်း၊ အခြားနည်းဖြင့်ပြုစုစောင့်ရှောက်ခြင်း၊ အုပ်ထိန်းခြင်းနှင့် ထိန်းသိမ်း စောင့်ရှောက်ခြင်း၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ အခွင့်အရေးများ၊ မသန်စွမ်းကလေးသူငယ်များ၊ ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ခြင်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မိတ္ထီလာခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဒေါ်စောနှင်းဦးက လူမှုဝန်ထမ်းအရာရှိနှင့် ကလေးသူငယ် ကြီးကြပ်သူများ ခန့်အပ်တာဝန်ပေးခြင်း၊ သင်တန်းကျောင်း၊ ပရဟိတဂေဟာနှင့် ယာယီစောင့်ရှောက်ရေး ဂေဟာများ တည်ထောင်ဖွင့်လှစ်ခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်း၊ ကလေးသူငယ်၏ ကျင့်ဝတ်စည်းကမ်းများနှင့် မိဘအုပ်ထိန်းသူနှင့် ဆရာ၊ ဆရာမများ၏ တာဝန်ဝတ္တရားများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်ကလေးအခွင့်ရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်လဝကဦးစီးမှူး၊ မြို့နယ်ပြန်/ဆက်ဦးစီးမှူး၊ မြို့နယ် စည်ပင်အမှုဆောင်အရာရှိ၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ မြို့နယ် အားကာဦးစီးမှူး၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်လူမှုဝန်ထမ်း တာဝန်ခံတို့ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

အောင်ဌေး(မလှိုင်)