ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအရှိန် အဟုန်မြှင့်ဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေး

ဒဂုံမြောက် စက်တင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးက " ရန်ကုန်တိုင်းအတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုများပြားလာပြီး မိမိတို့မြို့နယ်အတွင်း  ထိတွေ့မှုရှိသည့် စောင့်ကြည့်လူနာများ ထားရှိရန် အတွက် နေရာများလိုအပ်လာသဖြင့် မြို့နယ်သံဃာနာယကဆရာတော်၏ ခွင့်ပြုချက် အရ အမှတ်(၄၂)ရပ်ကွက်ရှိ မဟာဂန္ဓာရုံကျောင်းတိုက်တွင် ထားရှိရန်ဆောင်ရွက်သွားမည် ဖြစ် ကြောင်း၊ ယခုလက်ရှိတွင် မြို့နယ်အတွင်း Positive လူနာများလျော့ကျလာကြောင်း၊ ယခုကဲ့သို့ Stay At Home ဆက်လက်နေထိုင်သွားရန် လိုအပ်ကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုန်ပြန်ထားသည့် အမိန့် ညွှန်ကြားချက်များအား ပြည်သူများ သိရှိလိုက်နာနိုင်ရေး အဆက်မပြတ် ကြပ်မတ်ဆော်ဩသွားရန် လိုအပ်ကြောင်း၊ Community Based Facility Quarantine Center များတွင် တာဝန်ထမ်းဆောင်ရန် volunteer များ ထပ်မံလိုအပ်မည်ဖြစ်ကြောင်း၊ မိမိတို့ ရပ်ကွက်အလိုက် ဖြည့်တင်းဆောင်ရွက်ပေးသွားရန်နှင့် စျေးများတွင် ညွှန်ကြားချက်များ လိုက်နာမှုရှိရေး​၊ လဘက်ရည်ဆိုင်၊ စားသောက်ဆိုင်များအား စစ်ဆေးကြပ်မတ်သွားရန် တို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်မှ ယခု ကိုဗစ်-၁၉ ရောဂါသည် ပြည်သူများ၏အရေး၊ အမျိုးသားရေးတာဝန်များဖြစ်ကြောင်း၊ မိမိတို့ဘက်မှလည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အားသာချက်၊ အားနည်းချက်များကို ပူးပေါင်း ဖြေရှင်းဆောင်ရွက်သွားရန်လိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များအား ကဏ္ဍအလိုက် ဆွေးနွေး ပြောကြားခဲ့ကြကြောင်း သိရသည်။

မြင့်မြင့်ရီ(ပြန်/ဆက်)