ပင်လောင်းမြို့နယ်တွင် ကျေးရွာသစ်လှုပ်ရှားမှု စံပြကျေးရွာစီမံကိန်းကော်မတီအား ရန်ပုံငွေပေးအပ်

ပင်လောင်း   စက်တင်ဘာ   ၂၃

စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုးရီးယားရာသီဥတုပြောင်းလဲမှုဆိုင်ရာဗဟိုဌာန (CCC)တို့ ပူးပေါင်း အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံတွင် စွမ်းအားမြှင့် မီးဖိုများဖြန့်ဖြူးခြင်းစီမံကိန်း၏ ထောက်ပံ့မှု အစီအစဉ်ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေပေးအပ်ခြင်းကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် ယနေ့နံနက်ပိုင်း က ပြုလုပ် သည်။

အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်နိုင် က ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်လှဆန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းထက်နိုင်မြင့်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးတို့က ကျေးရွာသစ် လှုပ်ရှားမှု စီမံကိန်း စံပြကျေးရွာ ဆောင်ရွက်မည့် ပင်လောင်းမြို့နယ်၊ လွယ်မောကျေးရွာအုပ်စု၊ မြေနီကုန်းကျေးရွာမှ ကျေးရွာကော်မတီများထံသို့  ထောက်ပံ့ရန်ပုံငွေအား လွှဲပြောင်းပေးအပ်ခဲ့သည်။

အဆိုပါ စီမံကိန်းတွင် မြေနီကုန်းကျေးရွာအိမ်ခြေ (၁၀၃)အိမ်မှ ပြည်သူလူထုများအား အကျိုးပြုလုပ်ငန်း များဖြစ်သည့် ဝင်ငွေတိုးတက်ရရှိရေးကဏ္ဍ ရန်ပုံငွေ (၁၃၁၇၀၀၀၀)ကျပ်၊ လူနေမှု ပတ်ဝန်းကျင် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းဆောင်ရွက်ရာတွင် အရှည်ပေ (၂၀၀၀)၊ အလျား(၁၂)ပေ၊ ထု(၆)လက်မ ရှိကွန်ကရစ်လမ်း ခင်းခြင်း ရန်ပုံငွေ(၁၁၈၅၃၀၀၀)ကျပ် နှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းတွင် မှိုစိုက်ပျိုးခြင်း၊ အိမ်တွင်းမှု လုပ်ငန်းများ၊ စားသောက်ကုန် လုပ်ငန်းများကို သင်တန်းပို့ချပေးရန် ရန်ပုံငွေေ (၁၃၁၇၀၀၀)ကျပ်ဖြင့် စုစုပေါင်း ရန်ပုံငွေ (၂၆၃၄၀၀၀၀)ကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခွန်အာကာစိုး (ပင်လောင်း)