ကျောက်မဲမြို့နယ်တွင် စွမ်းအားမြှင့်မီးဖို သုံးစွဲခြင်းဆိုင်ရာ သိကောင်းစရာ အသိပညာပေးဆွေးနွေး

ကျောက်မဲ စက်တင်ဘာ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ မော်မာကျေးရွာအုပ်စု ဘုန်းတော်ကြီးကျောင်းတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက စွမ်းအားမြှင့်မီးဖိုသုံးစွဲခြင်းဆိုင်ရာ သိကောင်း စရာ အသိပညာပေးဆွေးနွေးခြင်းကို Social Distancing နှင့်အညီ ကွင်းဆင်းဆောင်ရွက်ခဲ့ရာ မော်မာကျေးရွာနေ ပြည်သူ ၂၅ ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

ယင်းဆွေးနွေးပွဲတွင်  ကျောက်မဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ရည်မွန်က စွမ်းအားမြှင့်မီးဖို သုံးစွဲခြင်းကြောင့်  ယခင် မိရိုးဖလာအရ အသုံးပြုခဲ့သည့်  မီးဖိုများထက်  ထင်း‌လောင်စာ  မြောက်များစွာ သက်သာမည် ဖြစ်ပါကြောင်း ၊ ယင်းကဲ့သို့ ထင်းလောင်စာများကို လျှော့သုံးခြင်းကြောင့် သစ်တောပြုန်းတီးမှုကို ကာကွယ်ရာရောက်ပြီး ရာသီဥတု ဖောက်ပြန်ပျက်ယွင်းမှုကို လျော့နည်းသက်သာ လာစေမည်ဖြစ်ကြောင်း အစရှိသည့် စွမ်းအားမြှင့်မီးဖို အသုံးပြုခြင်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူးများနှင့်  သုံးစွဲရမည့် နည်းစနစ် များ ကို ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါ စွမ်းအားမြှင့်မီးဖိုများကို  လျပ်စစ်မီးမရသေးသည့် ကျေးရွာများသို့ အဓိကထား ဖြန့်ဝေပေးခြင်း ဖြစ်ကြောင်း သိရပြီး စိုက်ပျိုးရေး ဦးစီး ဌာနမှ ပထမအကြိမ်တွင် ကျောက်မဲမြို့နယ် (မိုင်းငေါ့မြို့၊ မိုင်းလုံမြို့ အပါအဝင်) အတွင်း စွမ်းအားမြှင့်မီးဖို အလုံးပေါင်း ၉၀၀၀ ကို အခမဲ့ဖြန့်ဝေ ထားခဲ့ပြီးဖြစ်ကြောင်း ဒုတိယ အကြိမ်တွင် မီးဖိုအလုံးပေါင်း ၉၀၀၀ ကို  ထပ်မံဖြန့်‌ဝေသွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)