ဆွမ်ပရာဘွမ် ဒီဇင်ဘာ ၃၁
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်၊ စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးလာစေရန်၊ နေ့ထူးနေ့မြတ်များကို တန်ဖိုးထားချစ်မြတ်နိုးတတ် လာစေရန် ရည်ရွယ်၍(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မျိုးမြင့်က လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းကို အသိပညာပေး ဟောပြောပြီး ဆေးရောင်ခြယ်နှင့် ကဗျာရွတ်ဆိုပြိုင်ပွဲတွင် အမက(ကဘရန်ခူး)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ပါဝင်ယှဉ်ကြရာ ပြိုင်ပွဲ၌ဆုရကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူ အသီးသီးကဆုများချီးမြှင့်သည်။
အဆိုပါ ပြိုင်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးကျော့နှင့် အဖွဲ့၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များက ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူလေးများအား ဗလာစာအုပ်နှင့် အာဟာရဖြည့် ကြက်သားဆန်ပြုတ်ဖြင့် ကျွေးမွေး လှူဒါန်းကြောင်း သိရသည်။
April Moe (ဆွမ်ပရာဘွမ်)